ဂါလာတာစာရေး ၃-၃ မန်ယူ | အိတ်ပေါက်နဲ့ ဖားကောက်ပြီး သရေကျသွားတဲ့ မန်ယူက သူများ မျက်နှာ ကြည့်ရမယ့် ဘဝ ရောက်သွား
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂါလာတာစာရေး အသင်းကို ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် အဝေးကွင်းပွဲ သွားရောက် ရင်ဆိုင်ရာ ၃-၃ နဲ့ သရေ ကျသွားကာ အုပ်စုတက်ရေး ဝေဝါးသွားပါတယ်။
မန်ယူက ဒီပွဲမှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ဝန်ဘစ်ဆာကာနဲ့ လုခ် ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရာဘတ်၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဟွိုင်လန်းနဲ့ ခြေစွမ်းပြနေတဲ့ ဂါနာချိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးအနေနဲ့ အုပ်စုတွင်းမှာ ငါးပွဲကစားပြီးချိန်အထိ တစ်ပွဲစီသာ နိုင်ပွဲရထားခဲ့တာကြောင့် ထပ်မံအနိုင်ရဖို့ လိုအပ်နေခဲ့ကြတာပါ။ ဒီနေ့ပွဲက တူရကီသားတွေရော အင်္ဂလန်သားတွေပါ အားထည့်ကစားလာခဲ့ကြသလို အိမ်ရှင်တွေရဲ့ နေရာလွတ်တွေ ပက်ပက်စက်စက် ပေးမှုကတော့ ဧည့်သည်တွေ အကြိုက်ဖြစ်သွားခဲ့ပါတယ်။
ပွဲချိန် ၁၁ မိနစ်မှာ မန်ယူတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ အန်တိုနီ ပေးတာကို ဘရူနို ဖာနန်ဒက်စ်က ဧရိယာဘယ်ခြမ်းကို ထိုးပေးခဲ့ရာမှာ ဂါနာချိုက စိတ်ကြိုက်ထိန်းသိမ်းဖို့ အချိန်မရခဲ့ပေမယ့် ဘယ်ခြေနဲ့ ကြုံသလို ကျုံးထည့်ခဲ့ရာမှာ ဂိုးသမား မူဆလီရာရဲ့ အပေါ်ထောင့်ထဲ ဝင်သွားခဲ့လို့ တူရကီမြေမှာ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့တာပါ။
ပွဲချိန် ၁၈ မိနစ်မှာတော့ မန်ယူတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ လက်ပစ်ဘောက တစ်ဆင့် လုခ် ရှော ပေးတာကို ဘရူနို ဖာနန်ဒက်စ်က အတွင်းကို တစ်ချက်ဆွဲဝင်ပြီး ဧရိယာအပြင်ကနေ လှမ်းကန်ခဲ့ရာမှာ ဂိုးဘယ်ဘက်အပေါ်ထောင့်ကို တိတိကျကျ ဝင်သွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိ ဖြစ်နေခဲ့ပါတယ်။
ပွဲချိန် ၂၈ မိနစ်မှာတော့ ဂါလာတာစာရိုင်းတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်ကြောင့် ပေးခဲ့ရတဲ့ ဖရီးကစ်ကို ညာခြမ်းကနေ ဇီးယက်ရှ်က သူ့စိတ်ကြိုက် အနေအထားကနေ ကန် သွင်းယူခဲ့ရာမှာ ဂိုးသမား အိုနာနာ ကာကွယ်ပုံ အားနည်းခဲ့လို့ ဂိုးပေးခဲ့ရတာပါ။
ဒါကြောင့် ပထမပိုင်း အပြီးမှာတော့ မန်ယူတို့က ဂါလာတာစာရိုင်းတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ပွဲချိန် ၅၅ မိနစ်မှာတော့ မန်ယူတို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ အန်တိုနီ ခင်းပေးလိုက်တဲ့ ဘောလုံးကို ဝန်ဘစ်ဆာကာက တောင်ပံကနေ ဧရိယာထဲကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ မက်တော်မီနေးက အနီးတိုင်ဘက်ကို အနိမ့်ဘော ပိတ်သွင်းနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။
ဒီနောက်မှာတော့ မန်ယူတို့ဘက်က အလုပ်မဖြစ်တဲ့ အမ်မရာဘတ်နဲ့ ပရီးမီးယားလိဂ်က ခြေစွမ်းတွေ ချန်ပီယံလိဂ်ကို ပါလာတဲ့ ဟွိုင်လန်းတို့အစား မိုင်နူးနဲ့ မာစီယယ်လ်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။
ပွဲချိန် ၆၂ မိနစ်မှာတော့ ဂါလာတာစာရိုင်းတို့ ဒုတိယ ချေပဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာတောင်ပံ ဧရိယာ ထိပ်အစွန်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဇီးယက်ရှ်ကပဲ ဂိုးရှေ့ဖြတ်ပို့ပေးခဲ့ရာမှာ ဘောလုံးက ဘယ်သူနဲ့မှ မထိလိုက်ဘဲ ဂိုးထဲ ရောက်လာခဲ့ချိန်မှာ အိုနာနာရဲ့ ကာကွယ်မှုက ဆိုးရွားလွန်းနေခဲ့တာကြောင့် သူ့လက်ထဲက လွတ်သွားပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၁ မိနစ်မှာ ဂါလာတို့ပဲ သရေကျစေမယ့် တတိယ ချေပဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာ တောင်ပံကနေ မန်ယူခံစစ်ကြား ထိုးထည့်ပေးလိုက်တဲ့ ဇီးယက်ရှ်ရဲ့ ပေးပို့မှုကို လူစားဝင် ကွင်းလယ်လူ အက်ခ်တာ့ခ် ကိုးလူးက မိုင်နူးရဲ့ ရှေ့က ဖြတ်ယူပြီး အနီးတိုင် အပေါ်ထောင့်ကို ကန်သွင်းယူခဲ့ရာမှာ အိုနာနာ နောက်ကျနေခဲ့လို့ ဂိုးပေးခဲ့ရတာလို့လည်း ဆိုရမှာပါ။
သုံးဂိုးစီသရေဖြစ်သွားချိန်မှာ ကိုယ့်ကိုယ်ကို အထင်ကြီးသွားပုံရတဲ့ ဂါလာနည်းပြ အိုကန် ဘူရပ်ခ်ကတော့ လူစားလဲမှုအမှားတွေကို ကျူးလွန်ခဲ့လို့ ကစားကွက်က ဖရိုဖရဲဖြစ်သွားခဲ့ပြီး မန်ယူတို့ အခွင့်အရေးတွေ ပြန်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြသလို အိမ်ရှင်တွေကလည်း ဒီထက် ဂိုးထပ်သွင်းနိုင်ဖို့ကို အဖြစ်မရှိတော့တာကြောင့် ပွဲချိန်အပြည့်မှာတော့ နှစ်သင်းစလုံး နိုင်ဖို့ မစွမ်းနိုင်ခဲ့ကြတော့ဘဲ သရေနဲ့သာ ကျေနပ်ခဲ့ကြရတာဖြစ်ပါတယ်။
ဒီပွဲရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အုပ်စုတက်ရေး မျှော်လင့်ချက် ကုန်သလောက် ဖြစ်သွားခဲ့ရပါတယ်။ ဘိုင်ယန်ကို အနိုင်ကန်နိုင်ရင်တောင် အခြားပွဲ ရလဒ်ကိုပါ စောင့်ကြည့်ရတော့မှာ ဖြစ်ပြီး သူများမျက်နှာ ကြည့်ရမယ့်ဘဝကို ရောက်သွားခဲ့ရပါတယ်။