ဒိုင်လူကြီးတွေ လုပ်ပွဲ လုပ်တာလား ပြောခံနေရတဲ့ ဂါလာတာစာရေး ၃-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်
မနေ့ညက ဂါလာတာစာရေးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ တော်မီနေးရဲ့ လက်ထိဘောကို ပင်နယ်တီ မပေးခဲ့တာ၊ အငြင်းပွားစရာ လူကျွံဆုံးဖြတ်ချက်တွေကြောင့် ဒိုင်လူကြီးတွေ လုပ်ပွဲဖန်တီးခဲ့တယ်လို့ ပရိသတ် တွေက စွပ်စွဲနေကြပါတယ်။
ပထမပိုင်း ၁၁ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးမှုကနေ ဂါနာချိုက အဖွင့်ဂိုးသွင်းခဲ့ပြီး နောက် ၄ မိနစ်အကြာမှာပဲ ဂါလာတာစာရေးတို့ ပင်နယ်တီ ကန်ခွင့် ရသင့်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။

ပင်နယ်တီဧရိယာအတွင်း အန်ဒွန်ဘီလီရဲ့ကန်ချက်က တော်မီနေး လက်မောင်းနဲ့ထိသွားပေမဲ့ VAR က ပင်နယ်တီ မပေးသလို ကွင်းလယ်ဒိုင် ဟိုဆေးဆန်းချက်ဇ်ကလည်း ရုပ်သံပြန်မကြည့်ခဲ့ပါဘူး။
အင်္ဂါနေ့က PSG-နယူးကာဆယ်တို့ရဲ့ပွဲမှာ နယူးကာဆယ်နောက်ခံလူ လစ်ဗရာမန်တိုရဲ့ အငြင်းပွားစရာ လက်ထိဘော ကနေ ပယ်နယ်တီပေးခဲ့ရပြီး ၂၄ နာရီအကြာမှာကစားတဲ့
ဂါလာတာစာရေး-ယူနိုက်တက်ပွဲမှာတော့ တော်မီနေးရဲ့လက်ထိဘောကို ပင်နယ်တီပေးဖို့ VAR က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပရိသတ်တွေက ပွဲအပြီးမှာ အခုလို မှတ်ချက်တွေ ပေးနေကြပါတယ်။
‘စဉ်းစားကြည့်လေ .. ယူနိုက်တက်သာ အုပ်စုက ထွက်ရရင် UEFA အတွက် အမြတ်ငွေ အများကြီး ဆုံးရှုံးမှာဖြစ်လို့ ယူနိုက်တက်ကို မဖြစ် ဖြစ်တဲ့နည်းနဲ့ အုပ်စုက တက်ခွင့်ရအောင် ဂွင်ဖန်မှာပဲ.. လုပ်ပွဲကြီးပါကွာ . .’၊
‘ဒါက သေချာပေါက် ပယ်နယ်တီပေးရမှာပါ . .VAR ဟာ ယူနိုက်တက်ဘက်ကို သိသိသာသာ ဘက် လိုက်ခဲ့ပါတယ် ’ လို့ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့ကြပါတယ်။
ဒါ့အပြင် ပထမပိုင်းပြီးခါနီးမှာ ဂါလာတာစာရေးတိုက်စစ်မှူး အီကာဒီ လွတ်လွတ်ကျွတ်ကျွတ် ပြေးထွက်ပြီး ဂိုးသွင်း ခဲ့ပေမဲ့ စည်းကြပ်ဒိုင်က လူကျွံအလံထောင်ခဲ့သလို VAR ကလည်း စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လူကျွံပေး ခဲ့ပါတယ်။
ဒါပေမဲ့ ရုပ်သံပြကွက်အရ လင်ဒီလော့ဖ်ရဲ့ လက်မောင်း အနေအထားက အီကာဒီကို Onside ဖြစ်စေတာကြောင့် VAR ရဲ့ဆုံးဖြတ်ချက်က အငြင်းပွားစရာဖြစ်ခဲ့ရပါတယ်။
ချန်ပီယံလိဂ်မှာ လူကျွံဘောကို VAR က Line မဆွဲဘဲ semi-automated စနစ်နဲ့ ဆုံးဖြတ်တာဖြစ်ပေမဲ့ အငြင်းပွားစရာတွေက ရှိနေဆဲပါပဲ။
လူကျွံဘောဖြစ်ရပ်နဲ့ပတ်သက်ပြီး ပရိသတ်တွေက
‘ဒါက လူကျွံဘောမဟုတ်ပါဘူး . .ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က ရှက်စရာပါပဲ . .’၊
‘ဂါလာတာစာရေးဟာ ဒိုင်လူကြီးတွေရဲ့ဓားပြတိုက်တာခံခဲ့ရပါတယ်’လို့ X(Twitter)မှာ ဝေဖန်ရေးသားခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ၁၈ မိနစ်အတွင်း ဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဇီယက်ချ်က ဖရီးကစ် ကနေ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။
၅၅ မိနစ်မှာ တွမ်မီနေးက တတိယဂိုး သွင်းခဲ့ပေမဲ့ ဇီယက်ချ်ကပဲ ဖရီးကစ်ကနေ ဒုတိယချေပဂိုး၊ ၇၁ မိနစ်မှာ အက် ခ်တာကော့ဂလူက တတိယချေပဂိုးပြန်သွင်းခဲ့တာကြောင့် ၃-၃ ဂိုးစီ သရေကျခဲ့ပါတယ်။