အကယ်ဒမီထွက် ခြေစွမ်းထက် ကွင်းလယ် လူငယ်လေးကို လစာ နှစ်ဆ တိုးပြီး စာချုပ်သစ် ချုပ်မယ့် မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လူငယ်ကြယ်ပွင့် ကွင်းလယ် ကစားသမားလေး ကိုဘီ မိုင်နူး ကို လက်ရှိ လစာ ကနေ ၂ ဆ တိုးပေးပြီး စာချုပ်သစ် သက်တမ်းတိုးဖို့ စတင်စီစဉ်နေပြီဖြစ်ပါတယ်။

မိုင်နူး ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အနာဂတ်မှာ ထွန်းတောက်လာမဲ့ ကြယ်ပွင့် ကစားသမားအဖြစ် သတ်မှတ် ခံထားရပြီး ယူနိုက်တက်အသင်းက သူ့ကို လာမဲ့ ဖေဖော်ဝါရီလအတွင်း စာချုပ် သက်တမ်းတိုးဖို့ရှိပါတယ်။

ကိုဘီ မိုင်နူး ရဲ့လက်ရှိစာချုပ်က ၂၀၂၇ ကျရင် သက်တမ်းပြည့်မှာဖြစ်ပြီး နောက်ထပ် ၁၂ လ စာချုပ်သစ် ချုပ်ခွင့် ရှိတယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ပေမဲ့ ယူနိုက်တက်အသင်းက မိုင်နူး ကို အသင်းမှာ နှစ်ပေါင်းများစွာ ဆက်ရှိဖို့ အတွက် နှစ်ရှည်စာချုပ် ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။

စာချုပ်သစ်ထဲမှာ ကိုဘီ မိုင်နူး အတွက် အကျိုးခံစားခွင့်အချက်အလက်တွေ ပါဝင်မှာဖြစ်ပြီး ယူနိုက်တက်စီနီယာအသင်းမှာ မိုင်နူး ပါဝင်ကစားတဲ့ ပွဲအရေအတွက် ၁၀ ပွဲပြည့်တာနဲ့ လစာကို ပေါင် ၂၀,၀၀၀ အထိ တိုးမြှင့်ပေးသွားမယ် ဆိုတဲ့ အချက်လည်း ပါဝင်တယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးသူ မိုင်နူး ဟာ ပြီးခဲ့တဲ့တစ်ပတ်က အဲဗာတန်နဲ့ပွဲမှာ စီနီယာအသင်းအတွက် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရခဲ့ပြီး မယုံနိုင်လောက်အောင် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အဲဒီနောက် ဂါလာတာစာရေးနဲ့ ၃-၃ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ မိုင်နူး လူစားဝင် ကစားခဲ့ရသလို နယူးကာဆယ်နဲ့ပွဲမှာလည်း ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

အခုနှစ်၊ ဇန်နဝါရီလတုန်းက ချာလ်တန်နဲ့လိဂ်ဖလားပွဲမှာ ယူနိုက်တက်အတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ ကိုဘီ မိုင်နူး ဟာ လောလောဆယ် စီနီယာကစားသမားဘ၀ ၅ ပွဲကစားခဲ့ပြီးဖြစ်တာကြောင့် လစာတိုးမြှင့်ရရှိဖို့ လမ်းတစ်ဝက်ရောက်နေပါပြီ။

ဒါ့အပြင် ယူနိုက်တက် အသင်းလူစာရင်းမှာ ရွေးချယ်ခံရတဲ့ပွဲတိုင်း၊ ပါဝင်ကစားခွင့်ရတဲ့ပွဲတိုင်းနဲ့ နိုင်ပွဲရတဲ့အခါတိုင်း မိုင်နူးက ဆုကြေးငွေတွေ ရရှိသွားဦးမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ယူနိုက်တက်အသင်းက ငွေကြေးဒဏ်ကြောင့် မိုင်နူး အောင်မြင်မှုလမ်းကြောင်းပေါ်ကနေ လမ်းမချော်သွားအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့စီစဉ်ဆောင်ရွက်သွားမှာပါ။

ယူနိုက်တက်အသင်းဟာ တစ်ချိန်တုန်းက လူငယ်ကြယ်ပွင့်ဖြစ်ခဲ့သူ ယာနူဇက် ကို စီနီယာအသင်းမှာ ခြေစွမ်းပြနိုင်လို့ ပေါင် ၅၀,၀၀၀ အထိ လစာငွေ တိုးမြှင့်ပေးခဲ့ပေမဲ့ အဲဒီနောက်ပိုင်း ယာနူဇက်ဟာ ပုံမှန်ခြေစွမ်းပျောက်ဆုံးပြီး အသင်းနဲ့လမ်းခွဲရတဲ့အခြေအနေ ဖြစ်ခဲ့ဖူးပါတယ်။

ဒါကြောင့် မိုင်နူး လည်း အဲဒီလိုမျိုး ထပ်မကြုံရအောင် ယူနိုက်တက်အသင်းက စနစ်တကျဆောင်ရွက်သွားမှာဖြစ်ပါတယ်။