ချယ်ဆီးဘက် ၂ဂိုးသွင်းခဲ့တဲ့ မန်ယူကွင်းလယ်လူ တော်မီနေးကို ချယ်ဆီးဂန္တဝင်နဲ့ နှိုင်းယှဉ်ချီးကျူးလိုက်တဲ့ အီဗရာ

ဒီမနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ချယ်လ်ဆီး ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးကို မန်ယူ ဂန္တဝင် ကစားသမားကြီး ပက်ထရစ် အီဗရာက ချီးကျူးလိုက်ပြီး ချယ်ဆီး ကွင်းလယ်ဟောင်းကြီး လမ်းပတ်နဲ့ပါ ခိုင်းနှိုင်းကာ ချီးကျူးသွားခဲ့ပါတယ်။

အီဗရာရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းပတ်ရဲ့ အသင်းဟောင်း ချယ်ဆီးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၅) အဖြစ် ယနေ့မနက် အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ထိုပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုး ၂ဂိုးစလုံးကို ကွင်းလယ်လူ တော်မီနေး တဦးထဲက ပွဲချိန် ၁၉မိနစ်နဲ့ ၆၉မိနစ်တွေမှာ သွင်းယူပေးခဲ့ပြီး ချယ်ဆီးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၅မိနစ်မှာ လူငယ်ကြယ်ပွင့် ပါလ်မာက သွင်းယူပေးခဲ့တာပါ။

ပွဲအပြီးမှာတော့ ယူနိုက်တက်ဂန္တဝင် အီဗရာက အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးအား အထူးတလည် ချီးကျူးသွားခဲ့ပြီး အီဗရာက တော်မီနေးကို ကြည့်နေရတာဟာ လမ်းပတ်ကို ပြန်မြင်နေရသလိုပဲလို့ ဆိုလာပါတယ်။

အီဗရာက – “တော်မီနေးရဲ့ ဂိုးဧရိယာထဲမှာ ချိန်သားကိုက် နေရာယူတတ်မှုက ဖရန့် လမ်းပတ်နဲ့တောင် ဆင်တူ နေပါတယ်။ သူက ဖရန့် လမ်းပတ်နဲ့ နည်းနည်းလေး ဆင်တဲ့ ကစားသမားလို့ ပြောရမယ် ထင်ပါတယ်။ သူက ဂိုးသွင်းဖို့ အတွက် မှန်ကန်တဲ့ အချိန် ၊ မှန်ကန်တဲ့ နေရာမှာ ရှိနေတတ်ပါတယ်” လို့ ပြောကာ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ချယ်ဆီးကို အနိုင်ရခဲ့တာကြောင့် ပွဲစဉ်(၁၅) အပြီးမှာ ရမှတ် ၂၇မှတ်နဲ့ အမှတ်ပေး ဇယားရဲ့ အဆင့်(၆)နေရာကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နေရာနဲ့ ရမှတ် ၃မှတ်သာ ကွာဟနေပါတယ်။