ဒီည မန်ယူက အိုးထရက်ဖို့ဒ်မှာ ဆိုပေမယ့် ဘုန်းမောက် ကို မနိုင်ဘူး လို့ အပီပြောလာပြန်တဲ့ ခရစ်ဆက်တန်
နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာပဲ ဆက်လက် ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။
ဘီဘီစီမှ ပင်တိုင် သုံးသပ်သူကြီး ဖြစ်တဲ့ ခရစ်ဆက်တန်က မန်ချက်စတာ ယူနိုက်တက် – ဘုန်းမောက် တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ ဒီ စနေနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီတလော ရလဒ်တွေ အရ ဆိုရင် မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်း အမှန်ဆုံး အသင်းတွေထဲ ပါနေပါတယ်။ ဒါပေမယ့် သူတို့ ကစားတာ ကြည့်ပြီးရင်တော့ ခင်ဗျားတို့ ဒီလို ပြောနိုင်ပါ့မလား မသိဘူး။
ဒါပေမယ့် ယူနိုက်တက်ရဲ့ ကြားရက်က ချယ်ဆီးကို နိုင်လိုက်တဲ့ ပွဲဟာ အဲရစ်တန်ဟက် အတွက် သိပ်ကို အရေးကြီးတဲ့ ပွဲပါ။ နယူးကာဆယ်ကို စိတ်ပျက်ဖွယ် ရှုံးပြီးတုန်းက တန်ဟက်က အဝတ်လဲခန်းထဲမှာ ကစားသမားတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးလိုက်ရပြီလို့တောင် ပြောခဲ့ကြတာလေ။
ဒီလို ကောလဟာလတွေကြောင့်လည်း အိုးထရက်ဖို့ဒ်မှာ တိုက်ပွဲဝင် စိတ်ဓာတ်လိုမျိုး ရုပ်လုံးကြွလာတာ လို့ ကျွန်တော် ထင်တယ်။ တန်ဟက်က ရက်ဖို့ဒ်နဲ့ မာရှယ်ကို ချယ်ဆီးနဲ့ ပွဲ လူစာရင်းကနေ ချန်လှပ်ပြီး အသင်းကို ကိုင်လှုပ်ခဲ့သေးတယ်။
အဲဒီပွဲမှာ ချယ်ဆီးနဲ့ အကြိတ်အနယ် ယှဉ်ခဲ့ပေမယ့် ယူနိုက်တက်ဟာ ခါတိုင်းထက်ကို ပို ဖွင့် ကစားခဲ့တယ်။ ဘုန်းမောက် ကတော့ ဒီပွဲမှာ ဒါမျိုး ခွင့်ပြုမလား ကျွန်တော် သိပ် မသေချာပါဘူး။
ဘုန်းမောက်ကလည်း ပြီးခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲ သရေ ရထားပြီး ပုံစံကောင်း ရနေတယ်။ ဒါကြောင့် ဒီပွဲကနေ ရမှတ် တစ်ခုခု ယူသွားနိုင်မယ် လို့ ကျွန်တော် ခံစားမိနေတယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၁-၁ ဘုန်းမောက်။