မန်ချက်စတာ ယူနိုက်တက်က မဟာဒုက္ခ တွင်းဆုံးကျနေပြီ လို့ မညှာမတာ ပြောချသွားတဲ့ သရဲနီဟောင်းကြီး
သရဲနီဟောင်းကြီး ဂယ်ရီနဗီးလ်ကတော့ မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အပေါ် အပြင်းအထန် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြားရက်မှာ ချဲလ်ဆီးကို အနိုင်ယူခဲ့ပြီးနောက် အခု ရက်ပိုင်းအကြာမှာ ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ခြေစွမ်းပိုင်း တော်တော်လေး ဆိုးဆိုးရွားရွားနဲ့ အရေးနိမ့်ခဲ့တာက ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်ပျက်စရာပါ။ ဘုန်းမောက် အတွက်လည်း အသင်းသမိုင်းတစ်လျှောက် အိုးထရက်ဖို့ဒ်မှာ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပါတယ်။

ဒီပွဲအပြီးမှာတော့ ဂယ်ရီနဗီးလ်က “ယူနိုက်တက်တို့ရဲ့ မတည်ငြိမ်တဲ့ပုံစံက တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရှေ့ဆက်နေပါတယ်။ တကယ်ကို ရှက်ဖို့ကောင်းတဲ့၊ မဟာဒုက္ခ တွင်းဆုံးကျနေတဲ့ ရလဒ်တစ်ခုပါပဲ” လို့ တွစ်တာမှာ မှတ်ချက်ပြု ရေးသားခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ တန်ဟက်ခ်ဟာ မာရှယ်လ်ကို အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်ခွင့်ပြုခဲ့တာကြောင့်လည်း ဝေဖန်ခံနေရပါတယ်။
ဘုန်းမောက်အတွက် ဂိုးတွေကို ဆိုလန်ကီ၊ ဘီလင်၊ ဆီနီဆီတို့က သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ နောက်တစ်ဂိုး ထပ်မံပေးခဲ့ရပေမယ့် VAR က လက်ထိဘောအဖြစ် သတ်မှတ်ပေးခဲ့တာကြောင့်သာ ယူနိုက်တက်တို့ အခုထက် ပိုမို အရှက်မကွဲခဲ့ရတာပါ။
ယူနိုက်တက်ဟာ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲအဖြစ် ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာဖြစ်ပါတယ်။
ဒီပွဲမှာ သေချာပေါက် အနိုင်ရဖို့ လိုအပ်တဲ့အပြင် တစ်ဖက်က ရလဒ်ကိုလည်း စောင့်ကြည့်ရမှာကြောင့် ယူနိုက်တက် အတွက်တော့ ချန်ပီယံလိဂ်မှာ ရှေ့ဆက်ဖို့ကလည်း ခက်ခဲနေပါတယ်။