ဇန်နဝါရီမှာ တိုက်စစ်မှုးသစ် ခေါ်မယ့် မန်ချက်စတာ ယူနိုက်တက် ပစ်မှတ် စာရင်းထဲ ပါဝင်လာတဲ့ ဘယ်လ်ဂျီယံသား
ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ် စာရင်းထဲမှာ လိုက်ပ်ဇစ် တိုက်စစ်မှူး အိုပန်ဒါကိုပါ ထည့်သွင်းထားကြောင်း အင်္ဂလန် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။
မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်ပိုင်းမှာ ဟွိုက်လန်းနဲ့ မာရှယ် စတဲ့ တိုက်စစ်မှူး ၂ဦးကိုသာ ပိုင်ဆိုင် ထားသလို ၂ဦးစလုံးက ဒီရာသီမှာ ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ တိုက်စစ်မှူး ၁ဦးကို ခေါ်ယူချင်နေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်တွေက တိုက်စစ်မှူးကောင်းတွေ ထွက်လေ့ ရှိတဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ သူတို့အသင်းနဲ့ လိုက်ဖက်မယ့် တိုက်စစ်မှူးကို ရှာဖွေနေပြီး ယူနိုက်တက်က လိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဗာနာ၊ စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီ စတဲ့ ကစားသမားတွေကို ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပါတယ်။
Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လိုက်ပ်ဇစ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အိုပန်ဒါကိုပါ သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး ယူနိုက်တက်ရဲ့ ကင်းထောက်တွေက အိုပန်ဒါရဲ့ ခြေစွမ်းကို အနီးကပ် အကဲခတ်မှုတွေ လုပ်ထားကြောင်း သိရပါတယ်။
အသက် ၂၃နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး အိုပန်ဒါက ဒီရာသီမှာ လိုက်ပ်ဇစ်နဲ့အတူ ခြေစွမ်း ကောင်းတွေ ပြသထားတဲ့ တိုက်စစ်မှူး ဖြစ်ပြီး သူက လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပြီး သူ့ကြောင့်ပဲ တီမိုဗာနာဟာ အရန်ခုံ ထိုင်နေရတာပါ။
မန်ချက်စတာ ယူနိုက်တက်က အိုပန်ဒါကို စိတ်ဝင်စားလာပေမယ့် သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ စတုဂတ် တိုက်စစ်မှူး ဂွီရက်ဆီ ဖြစ်ပြီး ဂွီရက်ဆီကို မခေါ်နိုင်မှသာ အိုပန်ဒါကို ပြောင်းလဲ ခေါ်ယူဖွယ် ရှိနေကာ လိုက်ပ်ဇစ် ကတော့ အိုပန်ဒါရဲ့ တန်ကြေးကို ယူရို ၄၀သန်း ဝန်းကျင် သတ်မှတ်ထားပါတယ်။