ကစားသမား အလဲအထပ်နဲ့ ဆန်ချိုကို ခေါ်ဖို့ ဘာစီလိုနာ အသင်းအား မန်ယူက ချိတ်ဆက် ကမ်းလှမ်းနေ

မန်ချက်စတာယူနိုက်တက်ဟာ အသင်းမှာ အဆင်မပြေတော့တဲ့ တိုက်စစ်သမား ဆန်ချိုအား ပရီးမီးယားလိဂ် စတားဟောင်းတစ်ဦးနှင့် အလဲအထပ် ပြုလုပ်ရန် ဘာစီလိုနာထံသို့ ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း သတင်း ထွက်နေပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက နည်းပြအဲရစ်တန်ဟက်နှင့် လူသိရှင်ကြားပြဿနာတက်ပြီးနောက် ယူနိုက်တက် ပထမအသင်းကြီးမှ ဖယ်ရှားခြင်းခံထားရပါတယ်။

အသက် ၂၃ နှစ်ရှိ ဆန်ချိုဟာ ယင်းနောက်ပိုင်းတွင် အဲရစ်တန်ဟက်အား တောင်းပန်ရန် ငြင်းဆိုနေမှုနှင့်အတူ ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်မရရုံသာမက ပထမအသင်းရဲ့အဝတ်အစားလဲခန်းကိုလည်း အသုံးပြုခွင့်မရဘဲ အကယ်ဒမီကစားသမားများနှင့်သာ လေ့ကျင့်ခန်းနေရပါတယ်။

စပိန်ဘက်က သတင်းတွေ အဆိုအရ ယူနိုက်တက်ဟာ ရာဖင်ညာအား ဆန်ချိုနှင့် အလဲအထပ်ပြုလုပ်ရန် ဘာစီလိုနာ အသင်းထံ ချိတ်ဆက် ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။

ရာဖင်ညာဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၅ ပွဲ ပွဲထွက်ကစားခွင့်ရရှိထားပြီး ၂ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးမှု ပြုလုပ်ထားပါတယ်။

သူဟာ တနင်္ဂနွေနေ့တုန်းက အိမ်ကွင်းတွင် လာလီဂါချန်ပီယံဆုအတွက် စိန်ခေါ်နေတဲ့ ဂီရိုနာအား ၄-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲတွင် ကစားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဆန်ချိုနှင့် ရာဖင်ညာတို့အား အလဲအထပ် ပြုလုပ်ရေးကိစ္စတွင် ဘာစီလိုနာ အားကစား ဒါရိုက်တာဒေကိုက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။

ယူနိုက်တက်ဟာ ရာဖင်ညာကို လိဒ် ယူနိုက်တက်မှာ ကစားစဉ်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တုန်းကလည်း ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပါတယ်။