မန်ယူအဝတ်လဲခန်းဟာ အရင် နည်းပြတွေနဲ့ တုန်းကလို toxic မဖြစ်တော့ဘူး လို့ တော်မီနေး ပြောဆိုပြီး တန်ဟက်အား ထောက်ခံ
မန်ယူ နည်းပြ တန်ဟက်လက် အောက်မှာ အသင်း အဝတ်လဲခန်းဟာ အဆိပ်အတောက်နေရာ မဟုတ်ကြောင်း ကွင်းလယ် ကစားသမား တော်မီနေး က ဒီအပတ် ဘိုင်ယန်နဲ့ ပွဲမတိုင်ခင် ရှင်းလင်းပွဲမှာ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဒီရာသီပထမဆုံး ၂၃ ပွဲမှာ ၁၁ ပွဲနိုင် ၊ ၁၁ ပွဲအရေးနိမ့်ခဲ့ပြီး တန်ဟက်တစ်ယောက် ဖိအားတွေများလာခဲ့သလို ဒီည မှာလည်း တန်ဟက်ရဲ့ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု တက်ရေး အဆုံးအဖြတ် အရေးပါတဲ့ပွဲတစ်ပွဲကန်ရမှာဖြစ်ပါတယ်။

တန်ဟက်မတိုင်ခင် ယခင်နည်းပြဟောင်းတွေတုန်းကလည်း တူညီတဲ့ရလဒ်တွေနဲ့ အတူ ၂၀၁၈ ဒီဇင်ဘာတုန်းက မော်ရင်ဟို နဲ့ ၂၀၂၁ နိုဝင်ဘာတုန်းက ဆိုးလ်ရှားတို့ အထုတ်ခံခဲ့ရပါတယ်။ ယာယီနည်းပြ ရမ်နစ်တောင် နိုင်ပွဲတွေ ရယူနိုင်ဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက တန်ဟက်ရဲ့အသင်းဟာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၃ နဲ့ ၆ နှစ်အတွင်း ပထမဆုံးဆုဖလားဖြစ်တဲ့ ကာရာဘောင်ဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။
ဒီရာသီမှာတော့ ရလဒ်ဆိုးတွေနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပါပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်တာဝန်ရှိသူတွေကတော့ တန်ဟက်ကို ဆက်ထောက်ခံဖွယ်ရှိနေသလို တော်မီနေး ကလည်း ကစားသမားတွေ အနေနဲ့ ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ဖို့ လိုတယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။
“ကစားသမားတွေမှာလည်း တာဝန်ရှိပါတယ်။ ကစားသမားတိုင်း အဲ့ဒါကို သိကြပါတယ်။ ကျွန်တော်တို့မှာ ထိပ်တန်း ကစားသမားတွေရှိသလို အခုချိန်မှာ ကျွန်တော်တို့ အဝတ်လဲခန်းထဲမှာ ကြီးမားတဲ့စရိုက်လက္ခဏာတွေပြသနိုင်ဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် အသင်းက အခြားနည်းပြတွေတုန်းကလို အဝတ်လဲခန်းက အဆိပ်အတောက်ဖြစ်စေတဲ့နေရာ မဟုတ်တော့ပါဘူး။ ကစားသမားတွေကလည်း နည်းပြနောက်မှာရှိကြပါတယ်။
ကျွန်တော် အခြား အင်တာဗျူးတွေမှာပြောသလို ကျွန်တော်တို့မှာ နည်းပြကောင်း နဲ့ အဖွဲ့ဝင်တွေရှိပါတယ်။ ကစားသမားတွေ အနေနဲ့ သေချာလေးအာရုံစိုက်ပြီး အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်” လို့ တော်မီနေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ စွမ်းဆောင်ရည်တည်ငြိမ်နိုင်ဖို့ ရုန်းကန်နေရပြီး တန်ဟက်ကိုယ်တိုင်ကလည်း ရက်သတ္တပတ်တွေနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ ပြောကြားထားခဲ့ပါတယ်။