ဒီည မန်ချက်စတာ ယူနိုက်တက် – ဘိုင်ယန်မြူးနစ်တို့ ပွဲ အတွက် မိုက်ကယ်အိုဝင်ရဲ့ ပွဲကြိုအမြင်နဲ့ သုံးသပ်ချက်
မန်ယူနဲ့ လီဗာပူး တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်ကတော့ ဒီအပတ် ချန်ပီယံလိဂ် အုပ်စု တက်ရေး အဆုံးအဖြတ် ပွဲတွေ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ ပွဲစဉ်တွေ အတွက် ကြိုတင် သုံးသပ်မှုတွေ ပြုလုပ်လာပါတယ်။
အိုဝင်ကတော့ နယူးကာဆယ် ချန်ပီယံလိဂ် အုပ်စုကနေ တက်သွားမယ်လို့ ထောက်ခံခဲ့ပေမယ့် သူ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် အတွက်တော့ ဘာမှ မမျှော်လင့်ထားဘူးလို့ ပြောဆိုခဲ့ပါတယ်။

အိုဝင်က ” ကျွန်တော်ကတော့ ယူနိုက်တက်ဟာ ရှုံးထွက်အဆင့်ဆီ တက်နိုင်တော့မယ်လို့ မထင်ပါဘူး။ သူတို့က ရှုံးထွက်အဆင့် ဆီ တက်ရောက်သင့်တဲ့ အသင်းကောင်း တသင်းလို့လည်း မမြင်ပါဘူး။
ကျွန်တော်က အင်္ဂလန်အသင်းတွေ အားလုံး အဆင်ပြေတာကိုပဲ မြင်ချင်ပေမယ့် ယူနိုက်တက်ကတော့ ရှုံးထွက်အဆင့်ဆီ တက်ရောက်သင့်တဲ့ စွမ်းဆောင်ရည်မျိုးတွေ မပြနိုင်ခဲ့ပါဘူး။ သူတို့က ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်လေး အတွက် ဘိုင်ယန်ကို အနိုင် ကစားရပါမယ်။
ဒါပေမယ့် အဲ့ဒီလို စွမ်းဆောင်ပြဖို့က သူတို့အတွက် အရမ်းကို ခက်ခဲလွန်းပါတယ်။ ဒါကြောင့် ကျွန်တော်က ယူနိုက်တက်ဟာ ရှုံးထွက်အဆင့်ဆီ တက်နိုင်မယ်လို့ မထင်ပါဘူး။ ။ ” လို့ ပြတ်ပြတ်သားသားပဲ ပြောဆိုသွားခဲ့တာပါ။
လက်ရှိ အုပ်စု အေ ရဲ့ အောက်ဆုံးမှာ ရောက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံး ၆ နှစ် ဆက်တိုက် အုပ်စုပွဲ တစ်ပွဲမှ မရှုံးဖူးတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒီည ယှဉ်ပြိုင် ကစားရမှာပါ။
ယူနိုက်တက်ဟာ ဘိုင်ယန်ကို အနိုင်ကန်နိုင်ပြီး တဖက်မှာ ကိုပင်ဟေဂင်နဲ့ ဂါလာတာစာရေး တို့ ပွဲက သရေကျမှသာ အုပ်စုတက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ပွဲ အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ကိုတောင် ၃ဂိုးပြတ် ရှုံးခဲ့တဲ့ ယူနိုက်တက်ကို မိုက်ကယ်အိုဝင်ကတော့ ဘာမှ မျှော်လင့်ချက် မထားတော့ပါဘူး။