မန်ယူအသင်းက ကိုယ်နဲ့ထိုက်တန်တဲ့ ရလဒ်ရသွားတာပဲ လို့ ပြောလိုက်တဲ့ သရဲနီဟောင်းကြီး ရီယို ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကိုယ်နဲ့တန်တဲ့နေရာကို ရသွားတာပဲလို့ မန်ယူ
ဂန္ထဝင် ကစားသမားဟောင်းကြီး ရီယိုဖာဒီနန် က ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု (A) မှာ ရမှတ် ၄ မှတ်ပဲရခဲ့တဲ့အတွက် ယူရိုပါလိဂ်တောင် ဝင်ခွင့်မရတော့ ဘဲ ဥရောပစာမျက်နှာကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

ဒါ့အပြင် မန်ယူအသင်းဟာ ၂၀၀၅-၀၆ နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ကနေ ပထမဆုံးအကြိမ် လှည့်ပြန် ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဘတ်စကတ်ဘောလိုမျိုးဖြစ်လာတဲ့ ဥရောပ ပြိုင်ပွဲတွေမှာ ပြတ်ပြတ်သားသား မလုပ်ပြနိုင်ရင်တော့ ခံသွားရမှာဖြစ်ပြီး မန်ယူဟာ အဲဒီလို ဖြစ်သွားခဲ့ တာလို့ ဖာဒီနန်က ဆိုပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ရဲ့အသင်းဟာ ချန်ပီယံလိဂ် ကို နောက်တစ်ဆင့်တက်ဖို့အတွက် အင်္ဂါညမှာ ဘိုင်ယန် မြူးနစ်ကို အနိုင်ရဖို့လိုပြီး တစ်ဖက် မှာ ကိုပင်ဟေဂင်-ဂါလာတာစာရေး တွဲဆိုင်းကလည်း သရေကျဖို့ လိုအပ်ခဲ့တာပါ။ ဒါပေမဲ့ ရလဒ်တွေအားလုံး ပြောင်းပြန်ဖြစ်သွားတာကြောင့် မန်ယူဟာ ဥရောပပြိုင်ပွဲကနေ ထွက် သွားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ ကိုယ်နဲ့ ထိုက်တန်တာကို ကိုယ်ရတာဖြစ်တယ်လို့ TNT Sport ကနေ သရဲနီဟောင်းကြီး ဖာဒီနန်က ပြော ပါတယ်။

“အရမ်းကို စိတ်ပျက်မိတယ်လို့ပဲ ပြောရတော့မှာပေါ့။ အုပ်စုပွဲစဉ်တွေ ထွက်လာကတည်းက ကြည့်မိမှာပါ။ မန်ယူကတော့ နောက်တစ်ဆင့်ရောက်မယ်လို့လည်း မျှော်လင့်ခဲ့ကြမှာပဲ။

ဒါပေမဲ့ အဝေးကွင်းပွဲ တစ်ခုချင်းစီတိုင်းမှာ ၃ ဂိုးစီသွင်းပြီး အမှတ်တွေ မရခဲ့တာ ကတော့ အဓိက တရားခံပါပဲ။ အုပ်စုတွင်းမှာ ဂိုးတွေ အများကြီး သွင်းထားပြီးပြီ။ ကျွန်တော့် အထင် ၁၂ ဂိုးလောက် သွင်းထားတယ်။ ပေးလိုက်ရတာက ၁၅ ဂိုးတဲ့။

အဲဒါက ပြဿနာ ပဲလေ။ ဘတ်စကတ်ဘောလို ဘောလုံး ကစားနေကြတာ။ မင်းလည်းသွင်း၊ ငါလည်းသွင်း မှာပဲ။ ဘယ်သူက ထိပ်ဆုံးရောက်လဲဆိုတာ ကြည့်ကြတာ။ ပြတ်ပြတ်သားသား မလုပ်နိုင် ရင်တော့ ကိုယ်နဲ့ထိုက်တန်တာ ကိုယ်ရမှာပဲ။

လိုက် မကစားနိုင်ဘူးဆိုရင် နောက်တစ်ဆင့်ကို တက်ဖို့လည်း မထိုက်တန်ပါဘူး။ “လို့ ဖာဒီနန်က အသင်းဟောင်းနဲ့ ပတ်သက်ပြီး ပြောသွား ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် ဟာ ချန်ပီယံလိဂ် အုပ်စု ၆ ပွဲမှာ ကိုပင်ဟေဂင်နဲ့ ကစားတဲ့ တစ်ပွဲကိုပဲ အနိုင်ရခဲ့တာဖြစ်ပြီး ဂါလာတာစာရေးနဲ့ ၃-၃ ဂိုး သရေကျတဲ့ပွဲကလွဲလို့ ကျန်တဲ့ ၄ ပွဲစလုံး ရှုံးခဲ့တာဖြစ်ပါတယ်။