ချန်ပီယံလိဂ် ကွာတားထိရောက်မယ် မှန်းပြီး အသုံးစရိတ် တွက်ထားတာကြောင့် မန်ယူအသင်း အခက်တွေ့လာ

ဒီတပတ် ကြားရက်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်မှာ ထွက်ခွါခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝင်ငွေများစွာ လျော့ကျခဲ့ရတာကြောင့် လာမယ့်ဆောင်းရာသီဈေးကွက်မှာ လှုပ်ရှားနိုင်ဖို့ အသင်းရှိ ကစားသမားတွေကို မဖြစ်မနေ ရှင်းထုတ်ပစ်ရတော့မှာ ဖြစ်ပါတယ်။

ယခင်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် အထိ တက်လှမ်းပြီး ရရှိလာမယ့် ဝင်ငွေတွေနဲ့ မန်ယူအသင်းက လာမယ့် အပြောင်းအရွှေ့အတွက် ကြိုတင် စီစဉ်ရေးဆွဲခဲ့ပေမယ့် ယခုလို ဥရောပပြိုင်ပွဲတွေမှ ထွက်ခွါလိုက်ရတာကြောင့် အတော်လေးကို နစ်နာခဲ့ရပါတယ်။

လက်ရှိ အနေအထားအရ မန်ယူအသင်းဟာ အသင်းဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို ရှောင်လွှဲနိုင်ဖို့ လာမယ့် ဆောင်းရာသီ ဈေးကွက်အတွင်း တန်ကြေးမြင့် ကစားသမားတွေကို ခေါ်ယူနိုင်ဦးမှာ မဟုတ်ပဲ အငှားခေါ်ယူမှုတွေဘက် အားထည့် ကြိုးစားသွားရမှာဖြစ်သလို ဆန်ချို နဲ့ ဗန်ဒီဘိခ်တို့ကိုတော့ မဖြစ်မနေ ပြန်လည် ရောင်းချသွားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အန်တိုနီ၊ ဗာရန်း နဲ့ ကာဆာမဲရိုးတို့ ၃ ဦးတို့ကိုလည်း မန်ယူအသင်းက အရောင်းစာရင်းထဲ ထည့်သွင်းထားပြီး ထိုက်သင့်တဲ့ ကမ်းလှမ်းမှုတွေ ရောက်ရှိလာရင်တော့ ရောင်းချသွားဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။

မန်ယူအသင်းဟာ ယခုရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် တက်လှမ်းနိုင်ခဲ့ရင်တောင် ပေါင် ၂၈ သန်းအထိ ရှာဖွေနိုင်ခဲ့မှာ ဖြစ်ပြီး ၎င်းတို့ရဲ့ ကွင်းဝင်ကြေး ၊ ရုပ်သံလွှင့်ခတွေက အခြားပြိုင်ဘက်အသင်းတွေထက် ပိုမို များပြား နေတာကြောင့် အတော်လေးကို နစ်နာခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။