လိုချင်တဲ့ ရလဒ် ရအောင် ယူသွားနိုင်တဲ့ တန်ဟက်၊ ဒီရာသီ အန်းဖီးမှာ လီဗာပူးဆီက အမှတ် ယူနိုင်တဲ့ ပထမဆုံး အသင်း မန်ချက်စတာ ယူနိုက်တက်

ဒီည အန်ဖီးမှာ ကန်ခဲ့တဲ့ လီဗာပူး – မန်ချက်စတာ ယူနိုက်တက် ပွဲကတော့ ဂိုးမရှိ သရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင် လီဗာပူးက ဂိုးပြတ်နိုင်မယ်လို့ သုံးသပ်သူတိုင်း ပြောခဲ့ကြပေမယ့် ယူနိုက်တက်ကတော့ တစ်မှတ် ရအောင် ယူနိုင်ခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ အန်ဖီးလ်မှာ ပထမဆုံးရမှတ်ယူနိုင်ခဲ့တဲ့ အသင်းက မန်ချက်စတာ ယူနိုက်တက် ဖြစ်လာခဲ့ပါတယ်။

လီဗာပူး ကတော့ ဒီရာသီပရီးမီးယားလိဂ် အိမ်ကွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂိုးလည်းမသွင်းနိုင်၊ အမှတ်ပြည့်လည်း မရတဲ့ ပထမဆုံးပွဲကို ရင်ဆိုင်လိုက်ရပါတယ်။

ဒဏ်ရာရကစားသမားတွေများပြားနေပြီး အဝေးကွင်း လာကစားရတဲ့ ယူနိုက်တက်က သရေ တမှတ်ရဖို့ကို ဦးစားပေးပြီး သေချာ ပိတ် ကစားခဲ့တာပါ။

ဒီနေ့ပွဲစဉ်မှာ အိမ်ရှင်လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ထိုးဖောက်ကန်သွင်းမှုတွေ အကြိမ်ကြိမ် ပြုလုပ် ခဲ့ပေမယ့် တိကျမှုအားနည်းခဲ့လို့ ဦးဆောင်ဂိုးရှာဖွေနိုင်ရေး ရုန်းကန်ခဲ့ရပါတယ်။

တဖက်မှာလည်း ဗာရာနီ၊ အီဗန်စ်ဦးဆောင်တဲ့ ယူနိုက်တက်ခံစစ်ပိုင်းက လီဗာပူးတိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင် ခဲ့သလို ဂိုးသမားအိုနာနာရဲ့လက်စွမ်းပိုင်းကလည်း အသိအမှတ်ပြုစရာ ကောင်းခဲ့ပါတယ်။

ရှိသမျှ တိုက်စစ်သမားအားလုံးကို ကလော့ပ်ကထည့်အသုံးပြုခဲ့ပေမယ့် ခံစစ်ကို ထောင့်စေ့အောင်ပိတ်ကစားသွားတဲ့ ယူနိုက်တက်ကြောင့် အခက်တွေ့ခဲ့ရပါတယ်။

လီဗာပူးအနေဖြင့် ဒီနေ့ပွဲစဉ်မှာ ယူနိုက်တက်နည်းပြတန်ဟက်ရဲ့နည်းဗျူဟာပိုင်းကို ကျော်ဖြတ်နိုင်ဖို့ အဖြေရှာမတွေ့ခဲ့ဘဲ အိမ်ကွင်းသရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ယူနိုက်တက် နည်းပြ တန်ဟက် အတွက်တော့ ကျေနပ်စရာ သရေတမှတ်ဖြစ်ပြီး လီဗာပူး ကတော့ အန်ဖီးလ်မှာ ရမှတ် ၂ မှတ် ဆုံးရှုံးသွားခဲ့ရကာ အမှတ်ပေးဇယားကိုပါ အာဆင်နယ် အား ဦးဆောင်ခွင့်ပေးလိုက်ရပါတယ်။ သရေ ရလဒ် ရဖို့ ဦးတည်လာတဲ့ တန်ဟက် ကတော့ သူလိုချင်တဲ့ ရလဒ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။