ဆုကြေး ပေါင် ၁ ဘီလီယံထိ ပေးမယ့် ပြိုင်ပွဲသစ်ကြီးကို မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ လွဲချော်တော့မည်

မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အသင်းတို့ဟာ အသင်းအရေအတွက် တိုးမြှင့်ကာ စနစ်သစ်ဖြင့် ကျင်းပလာမဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား တရားဝင်လွဲချော်လာမှုနှင့်အတူ ဆုကြေး ပေါင်သန်း ၅၀ အထိ နစ်နာဆုံးရှုံးလာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

ဖီဖာဟာ ၂၀၂၅ ခုနှစ်တွင် အမေရိကန်နိုင်ငံမှာ အသင်း ၃၂ သင်း ပါဝင်တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပလာမှာ ဖြစ်ပြီး ဥရောပမှ အသင်း ၁၂ သင်းအထိ ဝင်ခွင့်ရရှိထားပါတယ်။

လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ မန်စီးတီးနှင့် ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ် ချန်ပီယံ ချဲလ်ဆီးတို့ဟာ ကလပ်သမိုင်းတွင် အကြီးကျယ်ဆုံးပြိုင်ပွဲအဖြစ် ဆုကြေး ပေါင် ၁ ဘီလီယံအထိ ပေးလာမဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရထားကြပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ လီဗာပူးနှင့် ယူနိုက်တက်တို့ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်မရမှု၊ ချန်ပီယံလိဂ်မှ ထွက်ခွာထားရမှုနှင့်အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသစ်ကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီး ဖြစ်တဲ့ အာဆင်နယ်ကတော့ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်လာပါက ဝင်ခွင့် ရရှိလာနိုင်ပါသေးတယ်။

ဖီဖာဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျင်းပသွားပါမယ်။

ယင်းပြိုင်ပွဲကို မန်စီးတီး၊ ချဲလ်ဆီးတို့နှင့်အတူ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ပေါ်တိုနှင့် ဘင်ဖီကာတို့ ဝင်ခွင့်ရရှိထားပြီး ဖြစ်ပါတယ်။

အာဆင်နယ်နှင့်အတူ ပီအက်စ်ဗွီ၊ ဆိုစီဒက်၊ ကိုပင်ဟေဂင်တို့မှာ ယခုရာသီ ချန်ပီယံလိဂ်ချန်ပီယံဖြစ်မှသာလျှင် ဝင်ခွင့် ရရှိလာကြပါမယ်။