အရွယ်နဲ့ မမျှအောင် တည်ငြိမ် ရင့်ကျက်တဲ့ ခြေစွမ်းနဲ့ အန်းဖီးကွင်းထဲမှာ ခပ်မာမာ ကစားပြသွားတဲ့ သရဲနီလေးအား တန်ဟက် ချီးကျူး

လီဗာပူးလ်နဲ့ ဂိုးမရှိသရေကျတဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် လူငယ် ကွင်းလယ် ကစားသမား ကိုဘီ မိုင်နူး ရဲ့ ခြေစွမ်းက ချီးကျူးအသိအမှတ်ပြုမှုတွေ ခံယူနေရပြီး သူ့ ကစားပုံ ဟိုက်လိုက်ကလည်း ရုပ်သံက အွန်လိုင်းပေါ်မှာ လူကြည့်များနေပါတယ်။

အသက် ၁၈ နှစ်၊ ၇ လနဲ့ ၂၆ ရက်သာရှိသေးသူ ကိုဘီမိုင်နူးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လီဗာပူးလ်နဲ့ ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံး ယူနိုက်တက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လီဗာပူးလ်နဲ့ပွဲမတိုင်ခင် ယူနိုက်တက် စီနီယာအသင်းအတွက် မိနစ်ပေါင်း ၁၉၄ မိနစ်ကြာကစားခွင့်ရခဲ့ပါတယ်။

အန်ဖီးလ်ကွင်းဟာ ပြိုင်ဘက်တွေအတွက် ချောက်ချားစရာနေရာတစ်ခုဖြစ်ပေမဲ့ မိုင်နူး ကတော့ လုံးဝကို မတုန်လှုပ်ဘဲ ဘောလုံးရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ကစားနိုင်တဲ့အပြင် ဘောလုံး ဖြတ်ယူတာ၊ တားဆီးတာတွေကို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

အဓိကကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ပွဲပယ်ပြစ်ဒဏ်ကြောင့် မကစားနိုင်ချိန်မှာ မိုင်နူး က Double Pivot အဖြစ် ကွင်းလယ်မှာ အမ်မရာဘတ်နဲ့တွဲဖက်ပြီး ခံစစ်နဲ့တိုက်စစ်ကို ဟန်ချက်ညီကစားသွားခဲ့ပါတယ်။

ပွဲကစားခွင့်ရခဲ့တဲ့ ၈၂ မိနစ်အတွင်း မိုင်နူး က တိကျတဲ့ ဘောလုံးပေးပို့မှု ၈၂ %၊ ပြိုင်ဘက်နဲ့တစ်ယောက်ချင်းအတွေ့ အသာရမှု ၄ ကြိမ်၊ Blocks ၃ ကြိမ်၊ တိကျတဲ့အမြင့်ဘောပေးပို့မှု ၂ ကြိမ်၊ Tackles ၂ ကြိမ်၊ ဘောလုံးကို ကြားဝင်လုယူနိုင်မှု ၁ ကြိမ်နဲ့ ဘောလုံးရှင်းထုတ်မှု ၁ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်အတွင်း မိုင်နူး ဟာ ဂါနာချိုရဲ့ပြေးလမ်းကြောင်းထဲကို အကွက်မြင်မြင် ခင်းပေးခဲ့ပြီး ဂါနာချို အသုံးမချနိုင်လို့သာ ဂိုးရနိုင်တဲ့အခွင့်အရေးကောင်း တစ်ခု ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

မိုင်နူး ရဲ့ခြေစွမ်းအပေါ် ပွဲအပြီး အင်တာဗျူးမှာ အဲရစ်တန်ဟက်က “ကစားသမားတစ်ဦးဟာ ပုံစံကောင်း ပြသနိုင်ပြီဆိုရင် သူဟာ ရင့်ကျက်တဲ့အရွယ်ရောက်နေပြီလို့ သတ်မှတ်ရမှာဖြစ်ပြီး မိုင်နူး ကလည်း အဲဒီအချက်ကို အကောင်းဆုံး သက်သေပြခဲ့ပါတယ်။

နောက်လည်း ဒီလိုပွဲကြီးတွေမှာ ကိုဘီမိုင်နူး မကြာခဏ ပါဝင်ကစားခွင့်ရမယ်ဆိုရင် ကျွန်တော်တို့က သူ့ရဲ့ တိုးတက်မှု အပေါ် ဝမ်းမြောက်ကျေနပ်မိမှာပါ။

အခုပွဲမှာ မိုင်နူးရဲ့ ပွဲအပေါ် သုံးသပ်နိုင်မှု၊ လျင်မြန်တဲ့ကစားဟန်၊ ဘောလုံးပေးပို့မှု၊ နေရာယူပုံတွေက အားရဖို့ကောင်းပြီး သူဟာ ပြိုင်ဘက်တွေကို အကောင်းဆုံး ဒုက္ခပေးနိုင်တဲ့ ကစားသမားတစ်ဦးပါ”လို့ ချီးကျူးခဲ့ပါတယ်။