ပြန်လာဖွယ် ရှိတဲ့ ဂေးလ်မား၊ စီးတီးနဲ့ ဂျော်ဂျင်ဟို၊ ခံစစ်ပစ်မှတ်သစ်နဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ

နောဝစ်ချ်မှာ အငှား သွားရောက် ကစားနေတဲ့ ကွင်းလယ်ကစားသမား ဘီလီ ဂေးလ်မားဟာ လိဂ်ပွဲ ၄ပွဲသာ ပွဲထွက် ကစား ထားရတာကြောင့် ဇန်နဝါရီမှာ ချယ်ဆီးထံ ပြန်ခေါ်ဖို့ သုံးသပ် စဉ်းစားသွားမယ်လို့ နည်းပြ တူချယ်က ဆိုထားပါတယ်။

ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့ စိတ်ဝင်စားနေတဲ့ ဆီဗီလာ ခံစစ်မှုး ဂျူးလက်စ် ကွန်ဒဲလ်ဟာ အသင်းမှာ ပျော်ရွှင်နေပြီး ဇန်နဝါရီမှာတော့ အသင်းပြောင်းဖို့ လုံးဝ မစဉ်းစားဘူးလို့ သိရပါတယ်။

ချဲလ်ဆီး ဂိုးသမားကီပါဟာ စီးရီးအေကလပ်တွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၂၇ နှစ် အရွယ် ဂိုးသမားဟာ မန်ဒီရဲ့နောက် ဒုတိယ ဂိုးသမားအဖြစ်သာ ပွဲထွက်နေရတဲ့အပေါ် မချင့်မရဲ ဖြစ်နေပြီး ပုံမှန်ပွဲထွက်ခွင့် ရမယ့် အသင်းကို ပြောင်း လိုနေပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း အေဘရာဟမ် က နိုင်လိုစိတ်ပြင်းထန်အောင် ဘယ်လို ကစားရမလဲဆိုတာ နည်းပြ မော်ရင်ဟို က သင်ကြားပေးခဲ့ကြောင်း၊ သူ့အနေနဲ့ ရိုးမားမှာ တဖြည်းဖြည်း အံ့ဝင်လာပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ အဆင်မပြေ ဖြစ်နေတဲ့ ချဲလ်ဆီး ကြယ်ပွင့်ဟောင်း အီဒင် ဟာဇက်ကို ချယ်ဆီး ပရိသတ်များက လန်ဒန်သို့ ပြန်ခေါ်စေလိုနေကြပါတယ်။ ချဲလ်ဆီးကသာ ဟာဇက်ကို ပြန်ခေါ်ချင်တယ် ဆိုရင် ပြောင်းရွှေ့ကြေးထက် ကစားသမား ၃ ယောက်ထိ အလိုက်ပေးကာ အလဲအထပ် လုပ်သွားနိုင်တယ်လို့ သုံးသပ် နေကြပါတယ်။

ပဲလေ့စ်မှာ အငှားထွက် ကစားနေတဲ့ ချယ်ဆီး ကွင်းလယ်တိုက်စစ်သမား ကော်နာ ဂလဲဟားဟာ ဆောက်ဂိတ်ရဲ့ အင်္ဂလန် အသင်းကြီးအတွက် ပထမဆုံး အကြိမ် ရွေးချယ် ခေါ်ယူခံလိုက်ရပါတယ်။ မေဆန်မောင့်နဲ့ အခြား ကစားသမား တချို့ ဒဏ်ရာတွေ ရှိနေတာကြောင့် ၎င်းကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက သူ့အနေနဲ့ ချဲလ်ဆီးကိုပြောင်းရွှေ့ခြင်း မပြုခင် မန်စီးတီးကို ပြောင်းချင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီတုန်းက ဂျော်ဂျင်ဟိုအနေနဲ့ မန်စီးတီးနဲ့အရင် ဆွေးနွေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးကနေ ရာသီကုန်ရင် ထွက်ခွာမယ် သတင်းကြီးနေတဲ့ ခံစစ်မှုး ရူဒီဂါက သူ့ရဲ့ ပထမ ဦးစားပေးဟာ ချယ်ဆီးပဲ ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။ ဂျာမနီလက်ရွေးစင် ကစားသမားရဲ့ စာချုပ်က ရာသီကုန်ရင် စာချုပ် ကုန်ဆုံးတော့မှာပါ။

ချဲလ်ဆီးအနေနဲ့ ရီးရဲမက်ဒရစ်နောက်ခံလူ မီလီတာယိုကို ခေါ်ယူဖို့ ချိတ်ဆက်လျက်ရှိနေကြောင်း စပိန်သတင်းဌာန က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ခရစ္စတန်ဆန်နဲ့ ရူဒီဂါတို့ကိုစာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ခက်ခဲနေတဲ့ အနေအထားကြောင့် နောက်ခံလူတွေ ပစ်မှတ်ထားနေတာပါ။