ပေါင် သန်း ၂၃ဝ ကုန်ကျခံ ခေါ်ထားရတဲ့ ကစားသမား ၄ ဦးကို ရောင်းထုတ်ဖို့ ဆော်ဒီထိ သွား လှုပ်ရှားနေတဲ့ မန်ယူအသင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဓိက ကစားသမား ၄ ယောက်ကို ဆော်ဒီပရိုလိဂ်ဆီ ထုတ်ရောင်းဖို့ ကိစ္စကို ဆွေးနွေးဖို့ အတွက် အားကစားဒါရိုက်တာ ဂျွန်မာတပ်ဖ်ဟာ ဆော်ဒီအာရေဗျကို ရောက်နေတယ်လို့ သတင်း ထွက်နေပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မတိုင်ခင် ဘတ်ဂျက်ငွေရှာဖို့ ကြိုးစားနေပြီး အဓိက ကစားသမား ၄ ယောက် အတွက် ဝယ်သူရဲ့ အသံကို နားစွင့်နေတယ်ပါတယ်။

ဂျွန်မာတပ်ဖ်ဟာ မန်ယူရဲ့ အဓိက ကစားသမား ၄ ယောက်ကို ထုတ်ရောင်းဖို့အတွက် ဆော်ဒီပရိုလိဂ် ကလပ်တွေဆီက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီး အဲဒီကစားသမားတွေကတော့ ဂျေဒန်ဆန် ချို၊ ရာဖေးလ်ဗာရန်း၊ တိုက်စစ်မှူး မာရှယ်နဲ့ ကွင်းလယ်လူ ကက်စ်မီရိုတို့ ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်း ဖော်ပြချက်အရ သိရပါတယ်။

မန်ယူအား ကစား ဒါရိုက်တာကြီးဟာ အရှေ့အလယ်ပိုင်းဒေသကို ဒီကစားသမား ၄ ယောက်နဲ့ ပတ်သက်လို့ ဘာ သဘောတူညီချက်မှ မရသေးဘဲ ထွက်သွားခဲ့တာဖြစ်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ အပြောင်းအရွှေ့ ကိစ္စတွေအတွက် စကားသွားပြောနေတာဖြစ်တယ်လို့ ယူဆရပါတယ်။

မန်ယူဟာ ဆန်ချို၊ ဗာရန်း၊ မာရှယ်နဲ့ ကက်စ်မီရို ၄ ယောက်ပေါင်းအတွက် ပြောင်းရွှေ့ ကြေး ပေါင် သန်း ၂၃၀ အထိ အကုန်အကျ ခံထားတာဖြစ်ပြီး အဲဒီပမာဏကို ကာမိအောင် စကားသွားပြောနေတာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးတဲ့နောက် မန်ယူနည်းပြ အဲရစ်တန်ဟတ်ဟာ အသင်းကို အားသစ်လောင်းဖို့အတွက် ကြိုးစားချင်နေ ပေမဲ့ ဘတ်ဂျက်ငွေကိစ္စက ခေါင်းခဲစရာ ဖြစ်နေတာပါ။

နယ်သာလန်သားနည်းပြဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ထဲမှာတင် ဟွိုင်လန်း၊ မေဆင်မောင့်နဲ့ အိုနာနာတို့အတွက် ပေါင် သန်း ၂၀၀ သုံးပစ်ခဲ့ပြီး သူ့ရဲ့လက်ထက် ကစားသမားအပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင်သန်း ၆၀၀ စွန်းစွန်း ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့် ဂျွန်မာတပ်ဖ်ဟာ မန်ယူအတွက် ဘဏ္ဍာငွေရှာတဲ့ကိစ္စကို အပူတပြင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပြီး ကစားသမား တွေကို ရနိုင်သမျှ ရောင်းထုတ်ရင်းနဲ့ ငွေပြန်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။