ခြေစစ်ပွဲ တိုက်ရိုက် မအောင်တော့တဲ့ ပေါ်တူဂီ၊ သီယေဂိုကို ခေါ်ချင်တဲ့ ဇာဗီနဲ့ နံနက်ခင်း သတင်းများ
အင်္ဂလန် ကစားသမားဟောင်း ဂျိုလ်ကိုးက မန်ယူမှာ အရည်အသွေးမြင့်တဲ့ ကစားသမားတွေရှိကြောင်း၊ ဒါပေမဲ့ လက်ရှိ မန်ယူရဲ့ အဓိကပြဿနာက ကွင်းလယ်ပိုင်း ဟန်ချက်ညီမျှမှု မရှိခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
ဆွီဒင်နဲ့တွေ့တိုင်း ခက်ခဲလေ့ရှိတဲ့ စပိန်တို့ဟာ ညကပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် မိုရာတာရဲ့ ၈၆ မိနစ်က သွင်းဂိုးနဲ့ အနိုင်ရရှိကာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
နာမည်ကြီး ပေါ်တူဂီကတော့ ဆားဘီးယားနဲ့ ပွဲမှာ အိမ်ကွင်းမှာတင် ၂-၁ နဲ့ အရေးနိမ့်ခဲ့လို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ Play-Off သာ ကစားရတော့မှာ ဖြစ်ပါတယ်။

ဂျူဗင်တပ် ကွင်းလယ်လူ ရာဘီအော့ဖ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ နယူးကာဆယ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ကွင်းလယ်လူကို ဂျူဗင်တပ်က ယူရို ၁၅ သန်း ရရင်ပဲ ရောင်းထုတ် သွားတော့မှာပါ။
လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းဟာ ဇန်နဝါရီမှာ အငှား ခေါ်လို့ရမယ့် တိုက်စစ်သမား ရှာဖွေနေပြီး ချယ်ဆီး အသင်းမှ ဇီယက်၊ အိုဒွိုင်းနဲ့ ပူလီဆစ်တို့ကို စောင့်ကြည့်နေကြောင်း သတင်းထွက်နေပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း ဝင်တာဘန်းကတော့ လူငယ်ကြယ်ပွင့် စမစ်ရိုဝီကို ရောဘတ်ပီရက်စ်နဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ စမစ်ရိုဝီရဲ့ ပုံစံဟာ ပီရက်စ်နဲ့တူကြောင်း၊ ဒါပေမဲ့ ရိုဝီဟာ သူ့ကိုယ်ပိုင် အရည်အသွေးနဲ့ တောက်ပနေသူဖြစ်ကြောင်း ဝင်တာဘန်းက ဆိုခဲ့တာပါ။
ဂါရတ်ဆောက်ဂိတ်ဟာ ပရီးမီးယားလိဂ် ကလပ်တွေထံ မေတ္တာရပ်ခံမှု လုပ်ခဲ့ပြီး ‘အင်္ဂလန်အသင်းကို ကောင်းကောင်း မွန်မွန်နဲ့ ကမ္ဘာ့ဖလား ရောက်အောင် ကူညီပေးပါ’ လို့ တောင်းဆိုခဲ့ပါတယ်။
ဘာစီလိုနာ နည်းပြ ဇာဗီဟာ လီဗာပူးကွင်းလယ်လူ သီယာဂို အယ်ကန်တာရာကို ကလပ်ထံ ပြန်ခေါ်ဖို့ အလို ရှိနေတာကြောင့် ဇန်နဝါရီမှာ အငှား ကမ်းလှမ်းမှု ပြုလုပ်နိုင်ပါတယ်။

ကွန်တီဟာ ၂၀၂၂ ခုနှစ် အတွက် အပြောင်းအရွှေ့ အသုံးစရိတ်အဖြစ် ပေါင်သန်း ၂၅၀ တောင်းဆိုခဲ့တာကြောင့် ယူနိုက်တက်က သူ့ကို ဆိုးရှားနေရာမှာ အစားထိုးဖို့ မခန့်ခဲ့တာ ဖြစ်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။
အာဆင်နယ်ဂန္ထဝင်ဟောင်း ဝင်တာဘန်းကတော့ လက်ရှိမှာ အာဆင်နယ်အနေနဲ့ အထင်ကြီးစရာ စွမ်းဆောင်ရည်ကို ပြထားပေမဲ့ အဆင့်လေးအတွင်း ဝင်နိုင်ဖို့ မဖြစ်နိုင်ကြောင်း၊ အာဆင်နယ်ရဲ့ လူစာရင်းဟာ တောင့်တင်းခြင်း မရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လက်တလော စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းတွေ ဆိုးရွားနေခဲ့တဲ့နောက် ကလပ် မန်နေဂျာ အဖြစ် ဆိုးရှားနေရာကို ဆက်ခံဖို့ ဇီဒန်းကို ဆွဲဆောင်သွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ဟာ မစ်ဒယ်ဘရော့နည်းပြသစ် ခရစ်ဝိုင်ဒါရဲ့ အလိုရှိစာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။