လေးပွဲဆက်တောင် ဂိုးမသွင်း၊ ဂိုးမဖန်တီးနိုင်တဲ့ထိ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့ မန်ယူ အခြေအနေအား ပေါလ်စခိုး မီးမောင်းထိုးပြ
မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက်အထိ ဂိုးတွေ သွင်းယူ နိုင်ခြင်း မရှိတဲ့အပေါ် သရဲနီ ကွင်းလယ်ဟောင်းကြီး ပေါလ်စခိုးက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
မနေ့ညက လန်ဒန်မြို့မှာ ကစားသွားခဲ့ရတဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်း ပထမပိုင်း ပွဲကစားချိန်အတွင်း အခွင့်အရေးတွေ အမြောက်အများ ရရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဂိုးတွေ ခွင့်ပြုခဲ့ရရင်း ရှုံးပွဲပါ တွေ့သွားခဲ့ရပါတယ်။

အခုဆိုရင် ယူနိုက်တက်ဟာ ဘုန်းမောက်၊ ဘိုင်ယန်၊ လီဗာပူး၊ ဝက်စ်ဟမ်း စတဲ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်၊ သွင်းဂိုး တွေပါ ပျောက်ဆုံးထားရပါတယ်။
ဒီရာသီမှာ အသင်းတိုက်စစ်အတွက် အားကိုးတကြီးနဲ့ ခေါ်ယူထားတဲ့ ဟွိုင်လန်းက အခုထိ ပရီးမီးယားလိဂ် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှ မလုပ်ဆောင်နိုင်သေးသလို ဝက်စ်ဟမ်းနဲ့ပွဲမှာဆိုရင်လည်း အန်တိုနီ နဲ့ ဂါနာချိုတို့က ဟွိုင်လန်း အတွက် ပေးပို့မှုကို (၁)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့တဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။
ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ပေါလ်စခိုးက “ဂိုးတွေ သွင်းယူဖို့က အသင်းအတွက် ပြသာနာကြီး တစ်ရပ်လို့ ဖြစ်နေရတယ်။ (၄)ပွဲ ကစားပြီးချိန်မှာ တစ်ဂိုးမှလည်း မသွင်း ၊ ဘာမှလည်း ဖန်တီးမှုတွေ မရှိဘူးဆိုတော့ တိုက်စစ် ကစားသမားတွေ အနေနဲ့ ပိုပြီး ကြိုးစားဖို့တော့ လိုအပ်နေပြီ။
“ယုံကြည်မှုတွေ ရှိလာအောင်နဲ့ ပြိုင်ဘက်အသင်းကို ခြိမ်းခြောက်နိုင်အောင် လုပ်ဆောင်သွားရပါတော့မယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။
အခု ပရီးမီးယားလိဂ် ပွဲစဉ် (၁၈)အပြီးမှာ ယူနိုက်တက်အသင်းအတွက် ရပ်ရှ်ဖို့ဒ်က (၂)ဂိုး ဂါနာချိုက (၁)ဂိုး မာရှယ်က (၁)ဂိုးသာ သွင်းထားပြီး ဟွိုင်လန်း၊ အန်တိုနီ နဲ့ ပယ်လစ်ထရီတို့ကတော့ အခုထိကို ဂိုးပေါက် ပျောက်ဆုံး နေပါတယ်။