လက်ရှိမှာ မဟန်ပေမယ့် ၂၀၂၄ မှာ မန်ယူအသင်းနဲ့ အတူ ဘာလုပ်မယ်တွေ ကြိုပြောနေပြီ ဖြစ်တဲ့ နည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက်ဟာ စနေနေ့ညက ပရီးမီးယားလိဂ် ပွဲမှာ လန်ဒန်ကလပ် ဝက်စ်ဟမ်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ပြီး ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၈ နေရာထံ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။

ယူနိုက်တက် က ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲမှာ ဂိုးရယူနိုင်ခဲ့ခြင်း မရှိသလို တိုက်စစ်မှူး ဟွိုင်လန်းကလည်း ပရီးမီးယားလိဂ် သွင်းဂိုး လုံးဝ ရယူနိုင်ခြင်း မရှိသေးပါဘူး။ သွင်းဂိုးတွေနဲ့ ပတ်သက်လာရင် ယူနိုက်တက်ရဲ့ မှတ်တမ်းတွေက အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေတာပါ။

ဒါပေမယ့် နည်းပြ တန်ဟက်ကတော့ သူ့ ရာထူးနေရာ အတွက် စိုးရိမ်ပူပင်နေခြင်း မရှိပါဘူး။

မကြာခင်မှာ နှစ်သစ်ကို ကူးပြောင်းတော့မှာဖြစ်လို့ ၂၀၂၄ ခုနှစ်မှာ ယူနိုက်တက်အတွက် ဘာတွေ ဘာ အပြောင်း အလဲတွေ လုပ်ပြမလဲ မေးခွန်းကို တန်ဟက်က အခုလို အေးအေးဆေးဆေး တုန့်ပြန်သွားပါတယ်။

” ၂၀၂၃ မှာတော့ ကျနော်တို့ ကာရာဘောင်းဖလား အောင်မြင်ခဲ့တယ်၊ အက်ဖ်အေဖလား ဖိုင်နယ်တက်ခဲ့တယ်။ အမှတ်ပေးဇယား တတိယနေရာ ရောက်ခဲ့ပါတယ်။ ဒါတွေက ကျနော်တို့ စွမ်းဆောင်ရည် ကောင်းခဲ့ကြောင်း ပြသနေပါတယ်။

ဒါပေမယ့် လတ်တလောတော့ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေပါတယ်။ အဲ့ဒါကလည်း ဒဏ်ရာ ပြဿနာ များနေလို့ပါ။ ဒီတော့ ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာခဲ့ရင် ကျနော်တို့ အသင်းက ပိုကောင်းလာမှာပါ။

ကျနော်တို့ တည်တည်ငြိမ်ငြိမ် ရှိရမယ်၊ အတူတကွ စုစည်းနေရမယ်၊ အစီအစဉ်တွေ အတိုင်း အတူတကွ ကြိုးစား လုပ်ဆောင်သွားပါမယ် ” လို့ တုန့်ပြန် ဖြေကြားသွားတာ ဖြစ်ပါတယ်။