ကလပ်အသင်း မန်ယူမှာ မဟန်ပေမယ့် စကော့တလန်မှာ အတောက်ပဆုံး ဖြစ်ပြီး ဆုတွေပါ ရလာတဲ့ တွမ်မီနေး

၂၀၂၃ ခုနှစ်အတွက် စကော့တလန် အကောင်းဆုံး ကစားသမား အဖြစ် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေး မဲပေးရွေးချယ်ခံလိုက်ရပါတယ်။

တွမ်မီနေးဟာ ဒီဆုအတွက် ဆန်ခါတင် စာရင်းထဲက ရော်ဘတ်ဆန်(လီဗာပူး)၊ မက်ဂင်း(ဗီလာ)တို့ကို ကျော်ဖြတ် ရရှိခဲ့တာပါ။

၂၀၂၃ ဟာ နိုင်ငံအသင်းအတွက် တွမ်မီနေး အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ တွမ်မီနေးဟာ အခုနှစ်ထဲက စကော့တလန်အတွက် ၁၀ ပွဲမှာ သူဟာ ၇ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ အဲဒီဂိုးတွေထဲမှာ စပိန်ကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့တဲ့ပွဲက ၂ ဂိုးလည်း ပါဝင်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ နိုင်ငံမှာတင် မဟုတ်ဘဲ ကလပ်မှာလည်း ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့တာပါ။

သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာဆို မန်ယူအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်မှာ အခုချိန်ထိ မန်ယူအသင်းအတွက်တော့ ၆ ဂိုးသွင်းပေးထားတာပါ။

ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲက ခြေစွမ်းနဲ့ပတ်သက်လို့တော့ တွမ်မီနေးက ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တစ်ယောက်ကဆို တွမ်မီနေးကို ဆက်သုံးနေမယ်ဆို နည်းပြ တန်ဟက် ပါ အထုတ်ခံရမှာလို့ ဆိုရှယ်မီဒီယာ မှာ ရေးတင်ခဲ့ပါသေးတယ်။