ခရစ္စမတ်မှာလည်း မနားဘဲ ကြိုးစားပြီး မန်ယူကို အနိုင်ကန်ကာ ဇယားထိပ် တက်ချင်နေတဲ့ အူနိုင်း အမ်မရီ

ခရစ္စမတ်ပွဲတော် ကာလမှာ အနားယူချိန်ရပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခွင့်ရပေမဲ့ လည်း မန်ယူနဲ့ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီလို့ အက်စတွန် ဗီလာနည်းပြ အူနိုင်း အမ်မရီက ပြောဆိုလိုက်ပါတယ်။

အက်စတွန်ဗီလာ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နိုင်ပွဲအများဆုံး ရထားတဲ့ အသင်းဖြစ်နေပြီး နည်းပြ အမ်မရီဟာလည်း ၂၀၂၃ ခုနှစ်အတွင်းမှာ ဗီလာကို ဒုတိယ အမှတ်အများဆုံးရအောင် လုပ်ပေးနိုင်တဲ့ နည်းပြ ဖြစ်နေပါတယ်။

မှတ်တမ်းတွေအရ ၂၀၂၃ ခုနှစ်တာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်းမှာ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးပြီးရင် ဗီလာ ဟာ ပရီးမီးယား လိဂ်မှာ အမှတ်အများဆုံး ရတဲ့ အသင်းဖြစ်နေပြီး အမ်မရီရဲ့ အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲ ဆက်တိုက်လည်း မရှုံးခဲ့တဲ့အသင်းပါ။

ဗီလာဟာ ပြီးခဲ့တဲ့ ပရီး မီးယားလိဂ် ပွဲစဉ်မှာ ရှက်ဖီးယူနိုက်တက်ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ် ကို တက်နိုင်မှာဖြစ်ပေမဲ့ သရေကျသွားတဲ့အတွက် အဆင့် ၃ နေရာကို ရောက်သွားတာ ဖြစ်ပါတယ်။

ဒါကြောင့် အမှတ်ပေးဇယား ထိပ်ကို ရောက်ဖို့အတွက် ကြိုးစားနေချိန်မှာ အနားယူမှာ မဟုတ်ဘူးလို့ အမ်မရီက ပြောပါတယ်။

” အင်္ဂါနေ့ ကစားမယ့်ပွဲအတွက် ကျွန်တော် တကယ့်ကို အာရုံစိုက်ထားတယ်။ ခရစ္စမတ်မှာ နည်းနည်းပါးပါးတော့ ပျော်မှာပေါ့။ ဒါပေမဲ့ အင်္ဂါနေ့ကျရင် ပွဲကစားရမှာလေ။ အဲဒီအတွက် ကျွန်တော် အာရုံစိုက်ထားတယ်။ ကျွန်တော့် အတွက် အရေးအကြီးဆုံးနဲ့ အဓိက အကြောင်းအရာကတော့ ပွဲတစ်ပွဲအတွက် တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်တာပါ” လို့ နည်းပြ အမ်မရီက ခရစ္စမတ် မတိုင်ခင်မှာ ပြောသွားခဲ့တာပါ။

ဒါ့အပြင် ဗီလာဟာ ဒီရာသီမှာ ရည်မှန်းထားတဲ့ ပန်းတိုင် ဆီကို အတတ်နိုင်ဆုံး အရောက်သွားရမှာ ဖြစ်တယ် လို့လည်း အမ်မရီက ပြောပါတယ်။

” ပရီးမီးယားလိဂ်က ၃၈ ပွဲရှိပြီး အသင်းတိုင်းဟာ သူတို့ရနေတဲ့ နေရာတွေနဲ့ ထိုက်တန်မှု ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့က ပွဲစဉ် (၁၈) ကို ကစားပြီးသွားပြီဖြစ်ပြီး ပွဲစဉ် (၁၉) မှာ မန်ယူနဲ့ ထိပ်တိုက်တွေ့ရမှာပါ ” လို့ ပြောသွားခဲ့တာပါ။