ဒီည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ယူ – အက်စတွန်ဗီလာပွဲ ဘယ်လို ရလဒ်ထွက်မလဲ ခရစ်ဆက်တန် ဟောကိန်းထုတ်
တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီကြားရက် ပရီးမီးယားလိဂ်မှာတော့ အက်စတွန်ဗီလာနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လာမယ့် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃ဝ နာရီ အချိန်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။
အမ်မရီ ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာ အသင်းဟာ လက်ရှိ အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ အမှတ်တူ၊ ဂိုး ကွာခြားချက် အကွာ အဆင့် ၃ နေရာမှာ ရှိနေပြီး ခြေစွမ်းထက်နေတဲ့ အသင်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကတော့ သွင်းဂိုးတွေရော၊ နိုင်ပွဲတွေ ရဖို့ပါ ရုန်းကန်နေရပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူကြီး ဖြစ်တဲ့ ခရစ်ဆက်တန်က ယူနိုက်တက် – အက်စတွန်ဗီလာ တို့ ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဒီပွဲက အကြိတ်အနယ် ရှိပါလိမ့်မယ်။ ဒါပေမယ့် အက်စတွန်ဗီလာပဲ ဒီပွဲကို နိုင်သွားမှာပါ။ ကျွန်တော်ကတော့ ၅ ပွဲဆက် မန်ချက်စတာ ယူနိုက်တက်တို့ ဂိုးပေါက်ပျောက်ဦးမယ့် ပွဲလို့ပဲ မြင်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၁၈ ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က သွင်းဂိုး ၁၈ ဂိုးပဲ ရထားပါတယ်။ သူတို့ထက် နည်းတာဆိုလို့ တန်းဆင်းဇုန်က ရှက်ဖီးပဲ ရှိတော့တယ်။ ဒါကပဲ နည်းပြတန်ဟက်ရဲ့ တိုက်စစ်က ပြဿနာတွေ ရှိနေပြီ ဆိုတာ အချက်ပေးနေတာပါပဲ။
ဒီတော့ ရုတ်တရတ်ကြီး သူတို့ ဂိုးတွေရလာဖို့ မရှိပါဘူး။ ယူနိုက်တက်က အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တာ၊ မယုံနိုင်စရာ ကောင်းအောင် အခွင့်အရေးတွေ ပျောက်ဆုံးနေတာမျိုးလည်း မဟုတ်ပါဘူး။
ဗီလာကတော့ ဟန်ချက်ညီနေပါတယ်။ သူတို့က အကောင်းဆုံး မဟုတ်ရင်တောင်မှ ရလဒ်ကောင်းတွေ ယူနေပါတယ်။ အဝေးကွင်းရလဒ်တွေက အိမ်ကွင်း ရလဒ်တွေလောက် မကောင်းပေမယ့် ဒီပွဲကို အပြီးသတ်ဖို့ သူတို့ ဂိုး ၁ ဂိုး သွင်းဖို့ပဲ လိုပါတယ်။
ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ဝ-၁ အက်စတွန်ဗီလာ။