ဆန်ချိုကို နည်းစနစ်ပိုင်း တလွဲသုံးနေတာနဲ့တင် ဆိုးရှားကို ရာထူးက ထုတ်သင့်ကြောင်း ထောက်ပြမှု

ပရီးမီးယားလိဂ် ဘောလုံးသမားဟောင်း ဒန်နီမေးလ်က မန်နေဂျာဆိုးရှားဟာ ဆန်ချိုကို သင့်လျော်မှန်ကန်တဲ့ နေရာမဟုတ်ဘဲ အစွန်-တောင်ပံမှာ စမ်းသုံးနေတာနဲ့တင်ကို ရာထူးကနေ ထုတ်ပယ်ခံရသင့်ပါပြီလို့ ဝေဖန်လိုက်ပါတယ်။

ဒီနွေမှာ ယူနိုက်တက်ဟာ ပေါင် ၇၃ သန်းဖြင့် ခေါ်ယူထားရတဲ့ ဆန်ချိုကို မှန်ကန်စွာ မသုံးနိုင်ဘဲ ဖြစ်နေတာပါ။ ပွဲပေါင်း ၁၃ ပွဲကို အရန်အဖြစ် အများဆုံး ကစားထားရတဲ့ အင်္ဂလန် တောင်ပံသမားဟာ အခုချိန်ထိ သွင်းဂိုး လုံးဝ မရသေးသလို၊ ဂိုးထောက်ပံ့မှုလည်း မလုပ်ပေးနိုင်သေးပါဘူး။

Football Insider က တစ်ဆင့် ဒန်နီမေလ်းက ပြောရာမှာတော့ ဆိုးရှားဟာ ကစားသမားတွေကို နေရာတွေ လွဲပြီး ချနေကြောင်း ထောက်ပြခဲ့တယ်။ ဆန်ချိုကို သူအားသန်တဲ့ နေရာမှာ မထားဘဲ ခံစစ်ကို ကူခိုင်းနေသလိုဆိုရင် ခေါင်းတိုက်ကောင်းတဲ့ ရော်နယ်ဒိုကိုလည်း ဘာလို့ ဗဟိုခံစစ်မှာ မသုံးသလဲလို့ပါ အရွှဲ့တိုက် မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

‘ အစွန်-တောင်ပံသမားအဖြစ် အသွင်းပြောင်းခံနေရမှုကနေ ကံကောင်းပါစေပေါ့ဗျာ။ ယူရိုမှာတုန်းက သူဟာ အင်္ဂလန်အတွက် အများကြီး ကစားခွင့် မရခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ သူက ခံစစ်ကို ပြန်ဆင်းပြီး ခံစစ်ပိုင်း တာဝန်တွေကို အများကြီး မကူညီနိုင်လို့ပါ။ ဒေါ့မွန်က သူ့ကို ခံစစ်အတွက် ဘယ်တော့မှ မကူညီခိုင်းပါဘူး။

ဖန်တီးမှုနဲ့ သွင်းဂိုးတွေအတွက် လုပ်ဆောင်ပေးမယ့် တောင်ပံသမားတစ်ယောက်ကို ခေါ်ယူခဲ့တယ်။ ပြီးမှ ရုတ်တရတ် မယုံနိုင်အောင် ပေါက်လွယ်နေတဲ့ ခံစစ်အတွက် သူ့ကို အစွန်-တောင်ပံသမားအဖြစ် ကစားခိုင်းခဲ့တယ်။ တကယ်ကြီး အဲ့လို လုပ်နေမှာလား?

ခရစ္စတီယာနိုက ခေါင်းတိုက်ကောင်းတယ်ဆိုတော့ ကျနေ်ာတို့ သူ့ကို ဗဟိုခံစစ်မှူးနေရာ ထားကစားလို့ ရမလား? ရော်နယ်ဒိုက အသင်းဖော် ခံစစ်သမားတွေထက်တောင်မှ ခေါင်းတိုက်ဘောမှာ ပိုကောင်းနေတယ်လို့ ထင်ပါတယ်။ ဒီတော့ သူ့ကို ဗဟိုခံစစ်မှာ မထားသင့်ဘူးလား?

ဆန်ချိုကို အစွန်-တောင်ပံမှာ ထားမှာထက် ရော်နယ်ဒိုကို ဗဟိုခံစစ်နေရာမှာ ထားမှာကတောင် ပိုအဓိပ္ပာယ် ရှိပါဦးမယ် ‘ လို့ ဒန်နီမေလ်းက ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။