ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတာ သက်သေပြခွင့်ရတော့မယ့် ဂယ်လာဂါ

ဆန်မာရီနိုနဲ့ ပွဲမတိုင်ခင် အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေ ဟန်ဒါဆန်၊ ဂရီးလစ်ရှ်၊ စတာလင်၊ မေဆန်မောင့်၊ လုခ်ရှောတို့ နုတ်ထွက်ခဲ့ပြီး သူတို့နေရာအတွက် ပဲလေ့စ်အသင်းထံ အငှားထွက်ကစားနေတဲ့ ချယ်ဆီးကွင်းလယ်လူ ဂယ်လာဂါကို အစားထိုးရွေးချယ်ခဲ့ပြီဖြစ်ပါတယ်။

ကွင်းလယ်လူ ဟန်ဒါဆန်နှင့် ဂရီးလစ်ရှ်တို့ဟာ သောကြာနေ့က အယ်လ်ဘေးနီးယား အသင်းနဲ့ပွဲအတွင် အသေးစား ဒဏ်ရာတွေ ရရှိခဲ့သောကြောင့် စစ်ဆေးမှုပြုလုပ်ဖို့ရာ မိခင်ကလပ်တွေကို ပြန်သွားခဲ့ကြပါပြီ။ မန်စီးတီး တိုက်စစ်သမား စတာလင်ကလည်း ပုဂ္ဂိုလ်ရေးကိစ္စကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်မှာ သွားခွဲစိတ်ကုသမှု ပြုလုပ်ထားတာဖြစ်သလို မန်ယူအသင်းနောက်ခံလူ လုခ်ရှောကလည်း ဦးခေါင်းထိခိုက်မှုကြောင့် ဆန်မာရီနိုအသင်းနှင့် ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြ ဆောက်ဂိတ်က စီနီယာ ၅ ဦးနေရာအတွက် ပဲလေ့စ်အသင်းကွင်းလယ်လူ ဂယ်လာဂါကို အစားထိုးရွေးချယ်ခဲ့တာဖြစ်တယ်။ အသက် ၂၁ နှစ်သာပဲ ရှိသေးတဲ့ ဂယ်လာဂါဟာ ဒီရာသီ ပဲလေ့စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၁၀ ပွဲကစား ၄ ဂိုးသွင်းယူကာ ခြေစွမ်းပြ ကစားလျက်ရှိပါတယ်။

သူဟာ ကြာသပတေးနေ့က အင်္ဂလန် ယူ-၂၁ နှင့် ချက် ယူ-၂၁ အသင်းတို့ပွဲတွင် ပါဝင်ကစားခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ် ခံရခြင်းဖြစ်ပါတယ်။ အင်္ဂလန် ယူ-၂၁ အသင်းမှာလည်း ဂယ်လာဂါရဲ့ နေရာမှာ လိဒ်စ်အသင်းမှ ဆမ်ဂရင်းဝုဒ်နဲ့ အစားထိုးခဲ့တယ်။

အင်္ဂလန်အသင်းသည် အုပ်စု (I) နောက်ဆုံးပွဲအဖြစ် ဒီနေ့ညမှာ ဆန်မာရီနိုအသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ယနေ့ပွဲမှာ အနည်းဆုံး သရေကစားနိုင်ရုံနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။