တန်ဟက်ရဲ့ နည်းဗျူဟာတွေကို သူလည်း နားမလည်တော့ဘူးလို့ ရှမိုက်ကယ်ကြီး တည့်ပဲ ပြောပါပြီ
မန်ယူ ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ်ကတော့ ဖောရက်စ်ကို ရှုံးတဲ့ပွဲမှာ မန်ယူနိုက်တက် နည်းပြ တန်ဟက်ရဲ့ လူစားလဲမှုကြီး ကို နားမလည်နိုင် ဖြစ်နေပြီး တန်ဟက် ဗျူဟာကြောင့်ပဲ အသင်းက ရှုံးသွား ရတယ် လို့ ယူဆနေပါတယ်။
ပွဲချိန်ဝက် နားချိန်မှာ တန်ဟက်က မိုင်နူးကို ထုတ်ပြီး တော်မီနေးကို ဝင် ကစားစေခဲ့တာပါ။ ယူနိုက်တက်ရဲ့ ဆယ်ကျော်သက် ကွင်းလယ် လူငယ်လေးဟာ ပထမပိုင်းထဲမှာ ဖောရက်စ်ရဲ့ ကွင်းလယ်ကို ကောင်းစွာ ထိန်းထားနိုင်ခဲ့သူ ဖြစ်ပြီး သူ့ကို ထုတ်လိုက်တာက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

တော်မီနေးကို တန်ဟက်က ထည့်ခဲ့ပေမယ့် စကော့တလန်သားဟာ ဘာမှ မလုပ်ပြနိုင်ခဲ့ဘဲ ဖောရက်စ် သွင်းဂိုး နှစ်ဂိုးလုံးမှာလည်း ဝင်ဖျက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
ရှမိုက်ကယ် က ” တန်ဟက် လုပ်လိုက်တဲ့ လူစားလဲမှု တစ်ခုက ပွဲ အပေါ် သက်ရောက်မှုကြီး ဖြစ်စေခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ်။ သူ မက် တော်မီနေးကို ထည့်ချင်တာ ကျွန်တော် နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် သူ ထုတ်လိုက်တဲ့ ကောင်လေး အတွက်တော့ နားကို မလည်နိုင်ဘူး။
ခင်ဗျား ထုတ်လိုက်တဲ့ မိုင်နူး ဆိုတာ ဒီနေ့ပွဲမှာ သိပ်ကောင်းနေတဲ့ ကောင်လေး။ သူ ကစားတာက ဟုတ်နေတယ်။ ကွင်းထဲမှာ သူ့ အပိုင်း သူ ပိုင်ပိုင်နိုင်နိုင် လုပ်ပြနေတာ။
ကွင်းထဲမှာ အသင်း အတွက် ဘာဆို ဘာမှ မလုပ်ပေးနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိနေတာကို မိုင်နူး ကိုမှ ထုတ်ပြီး လူစားလဲစရာ မလိုဘူးလေ။ သူ့ရဲ့ လူစားလဲမှုကြီးက မေးခွန်း ထုတ်ရတော့မယ်။” လို့ ပွဲ အပြီးမှာ မကျေမနပ် ပြောဆိုခဲ့ပါတယ်။
မိုင်နူးကို ထုတ်ပြီး တော်မီနေးကို ထည့်တဲ့ တန်ဟက် လူစားလဲမှုကို သရဲနီ ပရိသတ်တွေကြားမှာလည်း ဝေဖန် ထောက်ပြမှုတွေ မြင့်တက်ခဲ့ပါသေးတယ်။