ဇန်နဝါရီမှာ မန်ယူ ပြန်လာပြီ လို့ အကြောင်းအရင်းနဲ့တကွ ထုတ်ဖော်ပြောဆိုလာတဲ့ နည်းပြ အဲရစ်တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် က လက်ရှိမှာ အသင်းအနေနဲ့ ရလဒ်တွေ ကမောက်ကမ ဖြစ်နေရပေမယ့်လည်း အခု ဇန်နဝါရီလထဲမှာပဲ ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာမှာ ဖြစ်လို့ ကစားသမား အင်အားပြန်တောင့်ကာ မန်ယူ ပြန်လာမယ်လို့ ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ တည်ငြိမ်ခြင်း မရှိသလို ခြေစွမ်းပိုင်းတွေကလည်း ကောင်းမွန်ခြင်း မရှိပဲ ရုန်းကန်နေရပါတယ်။ ဒီလို အခြေအနေဆိုးတွေကြောင့်လည်း နည်းပြ တန်ဟက် ရဲ့ အနာဂတ် အခြေအနေတွေပါ လှုပ်ခတ်လာခဲ့ပါတယ်။

ယူနိုက်တက်ကလည်း ဒီရာသီထဲမှာ လီဆန်ဒရို မာတီနက်ဇ်၊ ကက်စီမဲရိုး၊ မေဆန်မောင့်တို့လို အသင်းရဲ့ အဓိက ကစားသမားတွေ ကာလရှည် ဒဏ်ရာ ပြသာနာတွေ ရရှိနေတာကြောင့်ရော တခြားကစားသမားတွေပါ မကြာခဏ ဒဏ်ရာရနေတာကြောင့်ပါ ရှိတဲ့ ကစားသမား အင်အားနဲ့သာ လည်ပတ်နေခဲ့ရပါတယ်။
ဒါပေမယ့်လည်း ဒီရာသီမှာ အသင်းတိုင်း နီးပါးက ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲ ရင်ဆိုင်နေရတာမို့ ဒါက ယူနိုက်တက် တစ်သင်းတည်းပဲ ရင်ဆိုင်နေရတာ မဟုတ်ပဲ ကလပ်အသင်းတိုင်း ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက် က “ဒီလို ရှုံးပွဲတွေဟာ ကျွန်တော်တို့အသင်းရဲ့ စံနှုန်းတွေအောက်ကို ရောက်နေပေမယ့် အကြောင်းအရင်းတွေကိုတော့ သိထားပါတယ်။ ဇန်နဝါရီမှာတော့ ကစားသမားတွေ ပြန်လာနိုင်တော့မှာပါ။”
“အဲ့ဒါကို ကျွန်တော် စောင့်မျှော်နေပြီးတော့ အဲ့ဒီအချိန်မှာ အသင်းကလည်း ပိုမို အားကောင်းလာပါမယ်။ ကျွန်တော် တို့မှာ ကစားသမားတွေ အပြည့်အဝ သေချာ ရလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်တွေပါ ထွက်ပေါ် လာလိမ့်မယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။