နောက်ခံလူတွေထဲက ၂ ဦးကို သက်တမ်းတိုးပြီး ၁ ဦးကတော့ အသင်းသစ် ရှာဖို့ မန်ချက်စတာ ယူနိုက်တက် အံ့အားသင့်ဖွယ် ဆုံးဖြတ်
မန်ချက်စတာ ယူနိုက်တက်မှာ နောက်ခံလူတွေကို ဆက်ခေါ်၊ မခေါ် သက်တမ်းတိုး ဆုံးဖြတ်ချက်တွေက အံ့အားသင့်ဖွယ် ဖြစ်ပေါ်နေပါတယ်။
နာမည်ကြီး နောက်ခံလူ ဗာရန်း ကို ယူနိုက်တက်က တစ်နှစ် သက်တမ်းတိုးခွင့် သက်တမ်း မတိုးတော့ဘဲ ဇန်နဝါရီမှာ အခြား ပြည်ပကလပ်တွေနဲ့ အကြို သဘောတူညီမှု ရယူဖို့ ခွင့်ပြုလိုက်ပြီ လို့ သိရပါတယ်။
ဗာရန်းဟာ သူကို သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု မလုပ်ပေမယ့် အသင်းက တခြား နောက်ခံလူတွေကိုတော့ သက်တမ်းတိုးဖို့ လုပ်နေတဲ့အပေါ် မပျော်ရွှင် ဖြစ်နေပါတယ်။

ဗာရန်းကိုသာ သက်တမ်း မတိုးပေမယ့် ယူနိုက်တက်ဟာ လင်ဒီလော့ဖ် ကို တစ်နှစ်သက်တမ်းတိုးခွင့် အသက်သွင်းလိုက်ပြီ လို့လည်း သိရပါတယ်။
ဒါ့အပြင် အသင်းမှာ တကျော့ပြန် ပြန်ခေါ်ထားတဲ့ ဝါရင့် နောက်ခံလူ အီဗန်စ်ကိုလည်း နောက်ထပ် ကာလတို သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။
အသက် ၃၅နှစ် အရွယ် ဝါရင့် ဗဟိုနောက်ခံလူ ဂျွန်နီ အီဗန်စ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။
ယူနိုက်တက်က ဂျွန်နီ အီဗန်စ်ကို ခေါ်ယူစဉ်မှာ အရန်ခံစစ်မှူး အဖြစ်သာ သုံးဖို့ စီစဉ်ခဲ့ပေမယ့် မထင်မှတ်ပဲ အဓိက ဗဟိုနောက်ခံလူတွေ ဖြစ်ကြတဲ့ မာတီနက်ဇ်၊ ဗာရန်း၊ မက်ဂွိုင်းယား စတဲ့ ကစားသမားတွေ ဆက်တိုက်ဆိုသလို ဒဏ်ရာရခဲ့တာကြောင့် အီဗန်စ်ဟာ ယူနိုက်တက် အတွက် ပွဲထွက်ခွင့်တွေ တောက်လျှောက် ရခဲ့ပါတယ်။
ဂျွန်နီ အီဗန်စ်က ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၅ပွဲ အထိ ပါဝင် ကစားပေးခဲ့သလို ပွဲတိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် တန်ဟက် အပါအဝင် ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ဝင်တွေက သူ့ကို အသင်းမှာ ဆက်ထားချင်နေကြပါတယ်။