မန်ယူရဲ့ ဂိုးမသွင်းနိုင်တဲ့ ကိစ္စ ဖြေရှင်းဖို့ ဘိုင်ယန်မြူးနစ် ဝါရင့် တိုက်စစ်မှုးကို ခေါ်ယူဖို့ ရက်ကလစ်ဖ်နဲ့ အဖွဲ့ လှုပ်ရှားနေ

မန်ချက်စတာယူနိုက်တက် ဟာ ဆာဂျမ်ရက်ကလစ်ဖ်လက်ထက် ပထမဆုံးခေါ်ယူမှုအဖြစ် ဘိုင်ယန်မြူးနစ်စတားတစ်ဦးကို ခေါ်ယူရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

INEOS ကို တည်ထောင်သူ ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ဘောလုံးဆိုင်ရာလုပ်ဆောင်မှုများကို ထိန်းချုပ်လာမှာ ဖြစ်ပြီး အသင်းကို ကြီးမားတဲ့ အပြောင်းအလဲပြုလုပ်ရန် တာစူနေပါတယ်။

ယူနိုက်တက်ရဲ့လက်ရှိပိုင်ရှင် ဂလေဇာမိသားစုမှာ အသင်းရဲ့ဘောလုံးဆိုင်ရာလုပ်ဆောင်မှုများကို လုပ်ဆောင်လာတော့မှာ မဟုတ်ဘဲ ဆာဂျမ်ရက်ကလစ်ဖ်အား ယူနိုက်တက်ကို တချိန်တုန်းက အောင်မြင်တဲ့ ခေတ်တစ်ခေတ်ပြန်လည် ရရှိရေး ဦးဆောင်ခွင့်ပေးလာပါမယ်။

အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ယခုရာသီတွင် ဂိုးရရှိရေးအတွက် ရုန်းကန်နေရပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ဂိုးအများဆုံးသွင်းယူသူအဖြစ် ကွင်းလယ်ကစားသမားစကော့မက်တိုမီနေးက ၅ ဂိုးဖြင့် ရပ်တည်နေပါတယ်။

မားကပ်ရက်ဖို့ဒ်နှင့် အလီဂျန်ဒရိုဂါနာချိုတို့မှာ ၃ ဂိုးစီသာ သွင်းထားနိုင်ပြီး ဟွိုင်းလန်းနှင့် မာရှယ်တို့မှာ ၁ ဂိုးစီသာ သွင်းထားသလို အန်တိုနီနှင့် ပယ်လစ်စထရီတို့မှာ ယခုတိုင် ဂိုးပေါက် မတွေ့သေးပါဘူး။

ဒါကြောင့်လည်း ဆာဂျမ်ရက်ကလစ်ဖ်ဟာ ယခုနွေရာသီတွင် အသင်းရဲ့အားအနည်းဆုံးဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ရန် အားစိုက် လုပ်ဆောင်နေပါတယ်။

၎င်းတို့ဟာ အသင်းရဲ့ တိုက်စစ်ပြဿနာကို ကာလတိုဖြေရှင်းတဲ့အနေဖြင့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး အဲရစ်မာဇမ် ချူပိုမိုတင်းအား ခေါ်ယူရန် ကြိုးပမ်းနေပါပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေပါတယ်။

တဖက်တွင် ဘိုင်ယန်မြူးနစ်ကလည်း တိုက်စစ်မှူးဟယ်ရီကိန်းအား အပြည့်အဝ အားကိုးနေရသလို လူငယ် တိုက်စစ်သမား မာသီတဲလ်ကိုလည်း အားကိုးနေရမှုကြောင့် ချူပိုမိုတင်းအား လက်လွှတ်ရန် အသင့်ရှိနေပါတယ်။

ချူပိုမိုတင်းဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ၂ ဂိုးတည်းသာ သွင်းထားနိုင်ပြီး ပွဲချိန်အများစုအား လူစား ဝင်ရောက်ကစားခြင်းဖြင့်သာ ကစားခွင့်ရနေတာပါ။

အသက် ၃၅ နှစ်ရှိ ချူပိုမိုတင်းဟာ ယခင်တုန်းက စတုတ်စီးတီးတွင် ကစားခဲ့ဖူးရာ အင်္ဂလိပ်ဘောလုံးအတွေ့အကြုံ ရှိထားပြီးသား ကစားသမားလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ဒွန်နီဗန်ဒီဘိခ်ကို ဖရန့်ဖတ်သို့ အငှားချထားသလို ဆာဂျီယို ရီဂူလွန်ကိုလည်း အငှားဖြင့် ခေါ်ယူထားမှုအား စောစောစီးစီး အဆုံးသတ်ကာ စပါးစ်သို့ ပြန်ခွင့်ပေးထားပါတယ်။
ဒါ့အပြင် ဆန်ချိုမှာလည်း အသင်းဟောင်းဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့ရန် နီးစပ်နေပါတယ်။