ဒေါ့မွန်ထံ ဆန်ချိုကို အောက်စည်းကနေ အငှား ပြန်လွှတ်မယ့် မန်ချက်စတာ ယူနိုက်တက် လုပ်ရပ်ကို ပရိသတ်တွေ ဒေါကန်နေကြပြီ

မန်ချက်စတာ ယူနိုက်တက် ပရိသတ်များဟာ တိုက်စစ်သမား ဆန်ချို ကို အသင်းဟောင်း ဒေါ့မွန် ထံသို့ အငှားဖြင့် ပြန်လွှတ်မယ့် အပြောင်းအရွှေ့ နောက်ကွယ်မှ အချက်အလက်များ သိလာရပြီးနောက် အကြီးအကျယ် ဒေါသထွက် နေကြပါတယ်။

အသက် ၂၃ နှစ်ရှိ အင်္ဂလန်တောင်ပံကစားသမားဟာ ၂၀၂၁-၂၂ ရာသီမတိုင်မီ နွေရာသီတွင် ဒေါ့မွန်မှ မန်ချက်စတာ ယူနိုက်တက် သို့ ပေါင် ၇၃ သန်းဖြင့် ပြောင်းလာခဲ့ပါတယ်။

သူဟာ ယူနိုက်တက်အတွက် ၇၉ ပွဲကစားခဲ့ရာမှာ ၁၂ ဂိုးတည်းသာ သွင်းနိုင်ပြီး ၆ ကြိမ်တည်းသာ ဖန်တီးပေးနိုင် ခဲ့တာပါ။

ဆန်ချို ဟာ ယခုရာသီတွင် ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲ ၃ ပွဲအား အရန်အဖြစ် ဝင်ရောက်ကစားပြီးနောက် နည်းပြအဲရစ်တန်ဟက်နှင့် လူသိရှင်ကြားဖြစ်ပြီးနောက် စက်တင်ဘာလနှောင်းပိုင်းကတည်းက ပွဲကစားခွင့် မရတော့ပါဘူး။

လက်ရှိမှာတော့ ဆန်ချိုဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း အသင်းဟောင်း ဒေါ့မွန်သို့ ရာသီအကုန်အထိ အငှားဖြင့် ပြောင်းလာတော့မှာ ဖြစ်ပါတယ်။

နာမည်ကြီး အပြောင်းအရွှေ့ကျွမ်းကျင် သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြလာမှုအရ ဒေါ့မွန်မှာ ဆန်ချိုအား အငှားဖြင့် ခေါ်ယူမှုအတွက် ယူနိုက်တက်ကို ပေါင် ၃.၄ သန်းတည်းသာ ပေးရမည်ဖြစ်ကြောင်း သိရပါတယ်။ ယင်းငွေများတွင် ကစားသမားငှားရမ်းခနှင့် လုပ်ခလည်း ပါဝင်ပါတယ်။

ဆန်ချိုရဲ့ လက်ရှိ လစာက တစ်ပတ် ပေါင် ၃ သိန်း ရှိပြီး ယူနိုက်တက်မှာ ဆန်ချိုအား လုပ်ခများ ထပ်မံ ပေးနေရပါဦးမယ်။ ယင်းသို့ ကလပ်ဘက်က အနာခံကာ ဆန်ချိုအား အငှားချလာမှုအပေါ် ပရိသတ်များ ဒေါသထွက်နေကြပါတယ်။

ပရိသတ်တစ်ဦးက “၇၅ သန်းပေးပြီး ဝယ်တယ်။ ပြီးရင် သူ့ကို ရောင်းတဲ့ကလပ်သို့ အငှားချတယ်။ ပြီးရင် သူ့အတွက် လုပ်ခကို ပေးနေရတုန်း။ ဒါမှ ငါ့ကလပ်ကွ”လို့ ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ဒီတော့ ဒေါ့မွန်ဟာ ၇၅ သန်းအိတ်ထဲ ကောက်ထည့်လိုက်ပြီပေါ့။ ၂ နှစ်အကြာမှာ ၄ သန်း တည်းနဲ့ အငှားနဲ့ ခေါ်လိုက်တယ်”လို့ ဆိုသွားပါတယ်။