မန်ယူဘက်က ဂိုးသမား အိုနာနာ ပါမလား၊ မပါဘူးလား ဂရုကို မစိုက် တဲ့ စပါးနည်းပြ ပိုစတီကိုဂလူ

တော့တင်ဟမ် စပါးအသင်းနည်းပြ ပိုစတီကိုဂလူကတော့ လာမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ ကစားမယ့်ပွဲမှာ မန်ယူအသင်းဘက်က အိုနာနာ ပါဝင်လာနိုင်ဖွယ် ရှိနေပေမယ့် ၎င်းတို့အတွက် ထွေထွေထူးထူး ဘာမှအာရုံစိုက်နေစရာ ကိစ္စ တစ်ခုမဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အိုနာနာဟာ ကင်မရွန်းအသင်းအတွက် ပါဝင်ကစားပေးဖို့ ရှိနေပေမယ့် စပါးနဲ့ ကစားမယ့်ပွဲစဉ်မှာ မန်ယူအသင်း အတွက် ပါဝင် ကစားပေးသွားဖို့ နိုင်ငံအသင်းနဲ့ ညှိနှိုင်းခဲ့တာပါ။

အိုနာနာ ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ စပါးပွဲ ကစားပြီး ၂၄ နာရီအတွင်း ကင်မရွန်းအတွက် ထပ်မံ ကစားပေးရဖို့ ရှိနေပါတယ်။

စပါးနည်းပြ ပိုစတီကိုဂလူက “ အိုနာနာ ပါဝင် မပါဝင်ဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင် ဒါက ကျွန်တော်တို့ နှစ်သင်း အတွက် မျှတတယ် မမျှဘူးလို့ မသုံးသပ်ချင်ပါဘူး၊ အသင်းတိုင်းက အခြေအနေအရပ်ရပ်နဲ့ ကြုံတွေ့ ရင်ဆိုင်နေရပါတယ်၊ ပြိုင်ဘက်အသင်း ဘာတွေဖြစ်နေသလဲဆိုတာက ကျွန်တော့်အပေါ် ဘာမှကို အကျိုးသက်ရောက်မှု မရှိပါဘူး၊

ကျွန်တော်တို့အသင်းကတော့ ကစားသမားတွေကို ဖီဖာရဲ့ စည်းကမ်းအတိုင်း သက်ဆိုင်ရာ ကလပ်တွေကို စေလွှတ်သွားမှာပါ၊ သူတို့ သက်ဆိုင်ရာအသင်းတွေနဲ့ အောင်မြင်ဖို့အတွက်လည်း ဆုတောင်းပေးပါတယ်။

လက်ရှိ အိုနာနာရဲ့ ပါဝင်မှု၊ မပါဝင်မှုက ကျွန်တော့်အတွက် ဘာဆိုဘာမှ သက်ရောက်မှု မရှိသလို အဲ့အကြောင်း ခေါင်းထဲလည်း ထည့်မစဉ်းစားထားပါဘူး ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဖီဖာဟာ ကလပ်အသင်းတွေမှာ ပါဝင်ကစားနေတဲ့ ကစားသမားတွေကို သက်ဆိုင်ရာ နိုင်ငံပွဲစဉ်တွေမှာ ပါဝင် ကစားကြဖို့ အတိအလင်း စည်းမျဉ်းထုတ်ထားသလို အကယ်၍ ကလပ်အသင်းတွေက စေလွှတ်ခြင်း မရှိဘူးဆိုပါက ပြင်းပြင်းထန်ထန် ဒဏ်ရိုက်ဖို့ ကြိုတင် အသိပေးထားပါတယ်။