မန်ချက်စတာ ယူနိုက်တက်ကို နာကျင်ခံစားရအောင် လုပ်မယ်လို့ ဝီဂန် နည်းပြ အက်ဖ်အေဖလား ပွဲကြို စိန်ခေါ်
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် တနင်္လာနေ့ညမှာ အက်ဖ်အေ ဖလား ပွဲ အဖြစ် လိဂ်ဝမ်းကလပ် ဝီဂန်အသင်း အား အဝေးကွင်းမှာ ကစားဖို့ ရှိနေပါတယ်။
ဝီဂန်အသင်း နည်းပြ ရှောင် မာလွန်နီကတော့ မန်ယူအသင်းအား အက်ဖ်အေပြိုင်ပွဲကနေ ဖြုတ်ချဖို့ ရည်မှန်းထားပြီး ပွဲကြိုမှာ ရည်မှန်းချက် ထုတ်ဖော် ပြောဆိုလာပါတယ်။

၂၀၁၃ တုန်းကလည်း မန်စီးတီးအသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလား ယူခဲ့တဲ့ ဝီဂန် အသင်းဟာ ဒီရာသီ အက်ဖ်အေဖလား တတိယ အဆင့်မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံနေတာပါ။
ဒီပွဲ မတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာတော့ ဝီဂန်အသင်း နည်းပြ မာလွန်နီ က အခုလို ပြောဆိုလာပါတယ်။
” အားနည်းချက် ဆိုတာက ဘယ်အသင်းမှာ မဆို ရှိတယ် လို့ မြင်ပါတယ်။ ဒီရာသီ အချိန် အများစုမှာ ကျွန်တော်တို့က လိဂ်ဝမ်းအသင်းတွေနဲ့ပဲ ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ရတာပါ။
ဒါပေမယ့် ကျွန်တော်တို့နဲ့ လိဂ်တူပဲ ဖြစ်ဖြစ်၊ ချန်ပီယံရှစ်၊ ပရီးမီးယားလိဂ်ကပဲ ဖြစ်ဖြစ် ခံစစ် ဧရိယာတွေမှာ ကျွန်တော်တို့ ဘယ်လို အားသာချက် ယူလို့ရသလဲ ဆိုတာ မြင်ရတာတွေ ရှိပါတယ်။ ပြိုင်ဘက်တွေကို သေချာတဲ့ နေရာတွေကနေ နာကျင်ခံစားသွားရအောင် လုပ်ဖို့ပဲ ကျွန်တော်တို့က အမြဲ ကြိုးစားမှာပါ။
အဲဒါကပဲ ကျွန်တော့် အလုပ်လေ။ ဒီတော့ ကျွန်တော် သေချာ စဉ်းစား စီမံမှာပါ။ ကျွန်တော့် ကစားသမားတွေကိုလည်း မင်းတို့ လုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုမျိုး ပေးမှာပါ။ မန်ချက်စတာ ယူနိုက်တက် အတွက် အလွန်တရာ ကို ခက်ခဲတဲ့ ပွဲ တစ်ပွဲ ကြုံသွားရအောင် ကျွန်တော်တို့ ဖန်တီးမယ်။ ” လို့ မာလွန်နီက ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလား ဗိုလ်လုပွဲထိ တက်လှမ်းနိုင်ခဲ့သေးပြီး ဒီရာသီမှာတော့ ပရီးမီးယားလိဂ် မှာ ရုန်းကန်နေရသလို ကာရာဘောင်းနဲ့ ချန်ပီယံလိဂ်တို့ကနေလည်း ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။ ဝီဂန် ကလည်း အင်္ဂလန် တတိယတန်း အဆင့် ဖြစ်တဲ့ လိဂ်ဝမ်းမှာတောင် အဆင့် ၁၇ မှာ ရပ်တည်နေရပါတယ်။