ကွင်းလယ်ရော အစွန်ပါ ရတဲ့ စွယ်စုံရ ကြယ်ပွင့်လေးကို ရဖို့ ဘစ်ဆာကာ + ပြောင်းရွှေ့ကြေးနဲ့ မန်ယူ ခေါ်ယူရန် စီစဉ်

မန်ချက်စတာ ယူနိုက်တက်အသင်း ခရစ္စတယ် ပဲလေ့စ် ကြယ်ပွင့် ကစားသမား မိုက်ကယ် အိုလီဆေး ကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် ကစားသမား အလိုက်ပေးမှုအပြင် ပြောင်းရွှေ့ကြေး အပါအဝင်နဲ့ပါ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်လာပါတယ်။

အသက် (၂၂)နှစ်အရွယ် ပြင်သစ် ယူ-၂၁ ကစားသမားလေးဟာ အင်္ဂလန်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး အာဆင်နယ် ချယ်ဆီး မန်စီးတီးအသင်းတို့ရဲ့ လူငယ် အကယ်ဒမီများမှာပါ ပါဝင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ စီနီယာ ကစားသမား ဘဝကိုတော့ ရက်ဒင်းမှာ စတင်ခဲ့ပြီး ၂၀၂၁ခုနှစ်မှာပဲ ခရစ္စတယ် ပဲလေ့စ်ဆီ ရောက်ရှိခဲ့ပါတယ်။

ဘယ်ခြေသန် ကွင်းလယ်တိုက်စစ် နဲ့ ညာတောင်ပံ ကစားသမား အိုလီဆေးကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေဖြစ်တဲ့ မန်စီးတီး လီဗာပူးလ် ချယ်ဆီး နဲ့ မန်ယူနိုက်တက်တို့က စိတ်ဝင်စားနေပြီး ချယ်ဆီးဆိုရင် ဒီနွေမှာတောင် အိုလီဆေးကို ခေါ်ယူဖို့ အလွန် နီးစပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် အိုလီဆေးက ချယ်ဆီးဆီ ရောက်ရှိဖို့ အလွန် နီးစပ်ပြီးမှ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီး ပဲလေ့စ် ဘက်ကလည်း သူတို့ကစားသမားအတွက် လျော်ကြေးစာချုပ်ကို ပေါင် သန်း(၆၀)လောက်အထိ သတ်မှတ် ခဲ့တယ်လို့ The Mirror က ဖော်ပြထားပါတယ်။

အိုလီဆေးကို အခြားသော ကလပ်အသင်းတွေနဲ့ အြပိုင် ကမ်းလှမ်းရဖို့ ရှိနေတဲ့အတွက် ယူနိုက်တက်က အိုလီဆေးအတွက် ပြောင်းရွှေ့ကြေးအပြင် ပဲလေ့စ် ကစားသမားဟောင်းဖြစ်တဲ့ ဝမ် ဘစ်ဆာကာ ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါ အလိုက်ပေးသွားဖို့လည်း ရှိနေပါတယ်။

ယူနိုက်တက်ဟာ မကြာသေးခင်ကမှ ဘစ်ဆာကာ ခါအတွက် တစ်နှစ် ထပ်မံတိုးမြှင့်ခွင့်ကို အသုံးပြုထားပြီး ၂၀၂၅ခုနှစ်အထိ သက်တမ်းတိုးထားခဲ့ပါတယ်။

ယူနိုက်တက် ကတော့ အိုလီဆေးကို အသင်းရဲ့ ရှယ်ယာရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်တို့ လက်ထက် အသင်းအတွက် ပထမဆုံး ခေါ်ယူနိုင်မယ့် ကစားသမားသစ်အဖြစ် သတ်မှတ်လို့ထားပြီး အရ ခေါ်ယူသွားနိုင်လိမ့်မယ် လို့လည်း ယုံကြည်နေပါတယ်။