အသင်းငယ် ဝီဂန်နဲ့ ကန်တာတောင် ဒိုင်ဗင်ထိုး၊ ပင်နယ်တီ တောင်းတယ် ဆိုပြီး ဘရူနို ဖာနန်ဒက်စ် ဝေဖန်ခံနေရပါတယ်
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ မနေ့ည ဝီဂန်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပင်နယ်တီရဖို့ ဒိုင်ဗင်ထိုးခဲ့တယ် ဆိုပြီး စွပ်စွဲခံနေရပါတယ်။
ထိုပွဲမှာ မန်ချက်စတာ ယူနိုက်တက်တို့ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ ရှိခဲ့တဲ့ ပင်နယ်တီဂိုးက အငြင်းပွားစရာ ဖြစ်နေခဲ့ပါတယ်။

ဝီဂန် ကစားသမားရဲ့ဖျက်ထုတ်မှုက ဘရူနိုရဲ့ခြေထောက်ကို ထိတယ် ဆိုပေမယ့် အရမ်း အားပါခြင်းတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဘရူနိုက အသင်း အကြီးအကျယ် ထိခိုက်မိသလို လဲကျသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။
ရရှိလာတဲ့ပင်နယ်တီကိုလည်း ဘရူနိုကပဲ အပိုင်အဆုံးသတ်ကာ ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကတော့ “ဘရူနိုဖာနန်ဒက်စ်ဟာ ပင်နယ်တီရဖို့ လှဲချခဲ့တယ်ဆိုပြီး စွပ်စွဲနေကြပါတယ်။ ပရိသတ်တစ်ဦးက ဘရူနိုက ဒုတိယတန်းကလပ်နဲ့ ကန်တဲ့အချိန်မှာ ဒိုင်ဗင်ထိုးခဲ့တာပဲ။ ဝီဂန်အတွက် နားလည်ပေးလို့ရပါတယ်။ ယူနိုက်တက်နဲ့ ဘရူနိုအတွက်ကတော့ ရှက်စရာပါပဲ”လို့ ရေးခဲ့ပါတယ်။
နောက်တစ်ဦးကလည်း “ဘရူနိုက သူ ထိခိုက်မိသွားတဲ့နေရာကိုတော့ မှန်အောင်မကိုင်နိုင်ခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။
ဒီလိုပင်နယ်တီရခဲ့ခြင်းအပေါ် ပရိသတ်တွေကတော့ ဘရူနို လှဲချခဲ့တယ်ဆိုပြီး အခုလို ဝေဖန်နေကြတာကြောင့် တကယ်တမ်း ဘယ်လိုဖြစ်သွားလဲဆိုတာ ကာယကံရှင်ပဲ သိမယ်လို့ ဆိုရမှာပါ။
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်လည်း ဖြစ်နေတာကြောင့် ဘရူနို ဒီလို ပုံရိပ်မျိုး မြင်ခံရတယ် ဆိုတာကတော့ သိပ်ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။