ပြိုင်ဘက် ၃သင်းထက် မနည်း ယှဉ်လုပြီး ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှုး
ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ အက်စတွန် ဗီလာအသင်းတို့ဟာ ပြင်သစ် လီဂူးကလပ် လိုင်လီအသင်းရဲ့ ကနေဒါ တိုက်စစ်ကစားသမား ဂျိုနသန် ဒေးဗစ်ကို အပြိုင်အဆိုင် စိတ်ဝင်စားနေကြတယ် သတင်းထွက်လာခဲ့ပါတယ်။
အသက် (၂၃)နှစ်အရွယ် ကနေဒါ လက်ရွေးစင် တိုက်စစ်မှူး ဒေးဗစ်ဟာ ၂၀၂၀ခုနှစ်ကတည်းက ဘယ်လ်ဂျီယံ ကလပ် KAA ဂျန့်အသင်းကနေ လိုင်လီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး သူရဲ့ တိုက်စစ် စွမ်းဆောင်ရည်တွေကြောင့် ဥရောပ ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုပါ အချိန်တိုလေးအတွင်း ရယူနိုင်ခဲ့ပါတယ်။

အခုလည်း ဒေးဗစ်ကို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက် နဲ့ ဗီလာတို့က အပြိုင် စိတ်ဝင်စားနေကြပြီး လာမယ့် နွေဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့အတွက် ဒေးဗစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
ဂျိုနသန် ဒေးဗစ် ကိုယ်တိုင်ကလည်း လိုင်လီကနေ ထွက်ခွာပြီး ကလပ်အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လျက် ရှိနေတာကြောင့် ဒီအခြေအနေကို ယူနိုက်တက် နဲ့ ဗီလာတို့က အကောင်းဆုံး အသုံးချသွားဖို့ ရှိနေပါတယ်။
လက်ရှိ အခြေအနေအရဆိုရင်တော့ ဗီလာထက် တိုက်စစ်ပိုင်း အားဖြည့်သွားဖို့ လိုအပ်နေတဲ့ မန်ယူနိုက်တက်က ဒေးဗစ်ကို ခေါ်ယူဖို့အတွက် အရှိန်အဟုန်မြင့် လုပ်ဆောင်သွားဖို့ ရှိနေပြီး ယူနိုက်တက်အနေနဲ့ ဗီလာအပြင် အေစီမီလန် အာဆင်နယ်တို့နဲ့ အပြိုင် ကြိုးပမ်းရနိုင်ပါတယ်။
ကစားသမားကောင်းတွေ ရှားပါးလှတဲ့ ကနေဒါအသင်းကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး ဒေးဗစ်က ဒီရာသီမှာလည်း လိုင်လီအတွက် ပြိုင်ပွဲစုံ (၁၀)ဂိုးသွင်း (၆)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပြီး ဒီကစားသမားဟာ အထောင် တိုက်စစ်မှူး နေရာမှာရော နောက်ချန် တိုက်စစ်ကစားသမားအဖြစ်ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။