မန်ချက်စတာ ယူနိုက်တက်က သက်တမ်း မတိုးပေမယ့် အသင်းပြောင်းဖို့ ငြင်းဆန်နေတဲ့ မာရှယ်

ဥရောပနဲ့ ဆော်ဒီ ပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားနေပေမယ့် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ် ကတော့ အခုလထဲမှာအသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်နေတယ်လို့ သိရပါတယ်။

အက်သလက်တစ် သတင်းဌာနရဲ့ အဆိုအရ မာရှယ်ကို မာဆေးလ် ၊ ဖီနာဘာချီ နဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်ခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၈ နှစ်သားရဲ့စာချုပ်သက်တမ်းက အခုနွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီး အခုလထဲမှာ ပြည်ပကလပ် အသင်း တစ်ခုနဲ့ သဘောတူညီမှုရယူနိုင်ပေမယ့် အခုချိန်အထိ သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။

မာရှယ်ဟာ ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး ယူနိုက်တက်ဘက်က စာချုပ်ထဲမှာ ပါတဲ့ ၁ နှစ်သက်တမ်းတိုးခွင့်ကို အသုံးချဖို့ အစီအစဉ်မရှိဘဲ သက်တမ်းကုန်တာကို စောင့်နေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်က မာရှယ်ကို ရာသီအကုန်မှာ အလွတ်နဲ့လက်လွှတ်ဖို့ ပြင်ဆင်နေပါတယ်။

မာရှယ်ဟာ ၃ နှစ်နီးပါးလောက် မိနစ် ၉၀ ပြည့်ကစားခွင့်မရပဲ ၂၀၂၂ တုန်းကလည်း ဆီဗီလာကို အငှားထွက် ကစားခဲ့ရပေမယ့် ခြေစွမ်းကောင်း မပြသနိုင်ခဲ့ပါဘူး။ ပြင်သစ်သားဟာ အခုရာသီကို ယူနိုက်တက်မှာပဲ ကုန်ဆုံးချင်နေပြီး နွေရာသီမှသာ အသင်းသစ်ရှာဖွေချင်နေပါတယ်။

အသက် ၂၈ နှစ်သားဟာ အခုလာမယ့်အပတ် တော့တင်ဟမ်နဲ့ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပြီး ပြီးခဲ့တဲ့နောက်ဆုံး ၆ ပွဲ ကိုတော့ အဖျားဝေဒနာ နဲ့ ဒဏ်ရာပြဿနာတွေကြောင့် လွဲချော်ခဲ့ပါတယ်။