စပါးက အိုးထရက်ဖို့ဒ်လာပြီး မန်ယူကို အနိုင်ကန်သွားမယ် ဆိုတဲ့ ခရစ်ဆက်တန်ရဲ့ ပွဲကြို ဟောကိန်းထုတ်ချက်

ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ တော့တင်ဟမ် စပါးအသင်းနဲ့ တွေ့ဆုံနေပြီး အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာပါ။ ပွဲကတော့ လာမယ့် ဇန်နဝါရီ ၁၄ ရက်၊ တနင်္ဂနွေနေ့ ည ၁၁ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ ပွဲစဉ်အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီရာသီမှာ ခြေစွမ်းပိုင်း မတည်ငြိမ်တဲ့ ကလပ်တွေ အများကြီးကို မြင်ထားရပြီး မန်ယူနိုက်တက်ကလည်း အဲ့ဒီလို အသင်းတွေ ထဲ ပါဝင်ပါတယ်။

အိမ်ကွင်းမှာ အက်စတွန်ဗီလာကို အနိုင်ရခဲ့ပေမယ့် နောက်ပွဲမှာ နော်တင်ဟမ် ဖောရက်စ်ကို ရှုံးခဲ့ပြန်ပါတယ်။ နည်းပြ တန်ဟက်အတွက် အိုးထရတ်ဖိုဒ့်က ခံတပ်တစ်ခု မဟုတ်တာ သေချာပါတယ်။ သူတို့အတွက် စိတ်ပူစရာက ဒီရာသီ ယူနိုက်တက် သွင်းထားတဲ့ ၂၂ ဂိုးထက် ပိုနည်းတာ ဇယားအောက်ခြေက နှစ်သင်းပဲ ရှိပါတော့တယ်။

စပါးအတွက်တော့ ဂိုးသွင်းဖို့က ပြဿနာ မဟုတ်ပါဘူး။ သူတို့က ယူနိုက်တက်ထက် ဂိုးပေါင်း ၂၀ လောက် ပို သွင်းထားပါတယ်။ ဒါပေမယ့်လို့ အာရှဖလားကြောင့် ဆွန်ယောင်မင် မရှိတာကို စပါးတို့ ဘယ်လို ဖြေရှင်းမလဲ စိတ်ပူစရာပါပဲ။

ဒီအပတ်မှာပဲ ချယ်ဆီး ကစားသမားဟောင်း တီမို ဗာနာဟာ စပါးထံ ရောက်လာပါတယ်။ သူဟာ မြန်ဆန်တဲ့ အရှိန်နဲ့ ပြိုင်ဘက်တွေကို အိပ်မက်ဆိုး ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့်လို့ တိုက်စစ်ပိုင်းမှာ လုံလောက်တဲ့ ထက်မြက်မှု မရှိပါဘူး။ သူ ဘယ်လို ကစားမလဲ မြင်ရဖို့က စိတ်ဝင်စားစရာပါပဲ။

ဆွန်မပါပေမယ့် ဒီပွဲကို စပါးတို့ နိုင်မယ်လို့ ထင်ပါတယ်။ စပါးတို့ ဘယ်လို ကစားမလဲ ကျနော်တို့ အားလုံးသိပါတယ်။ သူတို့က ပြိုင်ဘက်တိုင်းကို တိုက်စစ်ကစားပြီး အခွင့်အရေးတွေ ဖန်တီးပါတယ်။

စပါးရဲ့ ချဉ်းကပ်မှုဟာ ယူနိုက်တက်အတွက် သင့်လျော်တဲ့ ကစားဟန်ဖြစ်ပါတယ်။ ဂနာချိုကလည်း အပတ်တိုင်းမှာ ယုံကြည်ချက် မြင့်မားလာနေတယ်။ သူက ခြိမ်းခြောက်မှုတွေ လုပ်မှာဖြစ်ပေမယ့် သူ့အသင်းဖော်တွေကကော ပါဝင် ကူညီနိုင်မလားက ရှိပါသေးတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၁-၃ တော့တင်ဟမ် စပါး။