အိုးထရက်ဖို့ဒ်မှာ မျှတတဲ့ ရလဒ် ထွက်ခဲ့ပြီး မန်ယူ – စပါး တို့ နှစ်ဂိုးစီ သရေကျသွားတဲ့ ပွဲ အကြောင်း
မန်ချက်စတာ ယူနိုက်တက် ကတော့ မနေ့ညက အိုးထရက်ဖို့ဒ်မှာ တော့တင်ဟမ် စပါးကို ဧည့်ခံ ကစားရာ ၂-၂ နဲ့ သရေကျသွားခဲ့ပါတယ်။
မန်ယူက ဒီပွဲမှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ အီဗန်စ်၊ ဗာရွန်း၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အဲရစ်ဆန်၊ မိုင်နူးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ် မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃ မိနစ်မှာကတည်းက မန်ယူတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန် တိုက်စစ်ကနေ ဘရူနို ဖာနန်ဒက်စ်က ဘယ်တောင်ပံကို ခင်းပေးလိုက်တာကို ရက်ရှ်ဖို့ဒ်က ဧရိယာထဲကို ဆွဲဝင် ထိုးဖောက်ရာမှာ စပါးစ်ခံစစ်နဲ့ ငြိပြီး ကျန်ခဲ့တဲ့ ဘောလုံးကို ဟွိုင်လန်းက ပြန်ရပြီး ဘယ်ဘက် အပေါ်ထောင့်ထဲကို အပြင်း ကန်သွင်းခဲ့တာဖြစ်ပါတယ်။
မန်ယူတို့ ဂိုးရသွားလို့ အားတက်သွားပြီး ဖိကစားခဲ့ပေမယ့် ဘောလုံးကိုင်ကစားနိုင်စွမ်း မရှိဘဲ နည်းပြ ပိုစတီကိုဂလူးရဲ့ စပါး အသင်းက တဖြည်းဖြည်း ပြန်လည်ထိန်းချုပ်လာခဲ့တာပါ။
ပွဲချိန် ၁၉ မိနစ်မှာတော့ စပါးစ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ် ထောင့်ကန်ဘောကို ပေါ်ရိုက ဂိုးရှေ့ကန်တင်ခဲ့ရာမှာ မန်ယူ ခံစစ်ကြားကနေ ရစ်ချာလစ်ဆန်က အနီးကပ် ခေါင်းတိုက် သွင်းခဲ့တာဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၄၀ မှာတော့ မန်ယူတို့ ပြန်လည်ဦးဆောင်သွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ရဲ့ ဝမ်းတူးရိုက်ချက်ကို စပါးတို့ ဧရိယာထဲမှာ မတားဆီးနိုင်တာကြောင့် ရက်ရှ်ဖို့ဒ်ကပဲ ညာဘက် တိုင်ခြေကို ကန်သွင်းခွင့်ရသွားခဲ့ပြီး ပထမပိုင်းမှာတော့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၆ မိနစ်မှာတော့ စပါး တို့ ဒုတိယ ချေပဂိုး ရယူသွားနိုင်ခဲ့ပြန်ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက တီမို ဗာနာက အတွင်းကို ပြန်ချိုးပေးတာကို ဘင်တန်ကာက ဧရိယာ ထဲကို ဆွဲဝင်ပြီး ထောင့်ကျဉ်းအနေအထားကနေ အပြင်းကန်သွင်းခဲ့ရာမှာ အိုနာနာ ဘာမှ မတတ်နိုင်ဘဲ ဂိုးပြန်ပေး ခဲ့ရတာဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ စပါး တို့ကတောင် အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့ပြီး မန်ယူတို့ကတော့ အမြဲတမ်း ဒီပုံစံပဲဖြစ်နေတဲ့ တိုက်စစ်နဲ့ ဒီထက် ဂိုးရဖို့နဲ့ ပွဲတစ်ပွဲကို ထိန်းချုပ်နိုင်ဖို့က ခက်နေခဲ့တာကြောင့် နှစ်သင်းစလုံးအတွက် ဖြစ်သင့်တဲ့ သရေရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။