နည်းပြတန်ဟက်ကို မကျေနပ်ကြောင်း ပေါ်တင်ပြသွားတဲ့ မန်ယူ အသင်းသား ဘက်က အားပေးထောက်ခံလိုက်တဲ့ ရှမိုက်ကယ်
ပြီးခဲ့တဲ့ စပါးနဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ရဲ့ နည်းပြတန်ဟက် ကို မကျေနပ်ကြောင်း ပေါ်တင်ပြ သွားတဲ့ လုပ်ရပ် အပေါ် မန်ယူ ဂိုးသမားဟောင်းကြီး ပီတာ ရှမိုက်ကယ် ကတော့ အားရနေပြီး ချီးကျူးစကားပါ ဆိုလိုက်ပါတယ်။
ရက်ဖို့ဒ် က ထိုပွဲမှာ ယူနိုက်တက် အတွက် ဂိုးသွင်းပေးခဲ့ပေမယ့် ပွဲချိန် ၈၈ မိနစ်မှာ အန်တိုနီနဲ့ လူစားလဲ ခံခဲ့ရပါတယ်။

ပွဲအတွင်းထွက်ပေါ်လာတဲ့ ပုံရိပ်တွေမှာ ရက်ဖို့ဒ်ဟာ လူစားလဲခံရချိန်မှာ စိတ်ပျက် အမျက်ထွက်နေပုံကို သိသိသာသာ ပြသသွားခဲ့ပါတယ်။
ရက်ဖို့ဒ် အပြုအမူ အပေါ် ရှမိုက်ကယ် က ” ဒီ လူစားလဲမှုက ကျွန်တော့် အမြင်တင် မဟုတ်ဘူး လူတိုင်း အမြင်မှာပါ ဘယ်လိုမှ အဓိပ္ပါယ် ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ ရက်ဖို့ဒ်ရဲ့ တုန့်ပြန် ပြုမူပုံကို ကျွန်တော်တော့ အရမ်း အရမ်းကို သဘောကျ ကျေနပ်မိတယ်။
ကျွန်တော် ဒီလို ပြောတာ နည်းနည်းတော့ ရူးမိုက်ရာ ကျမယ်။ အရမ်း အရမ်း သဘောကျတယ် ဆိုတာက။ ဒါပေမယ့် ကျွန်တော့်လိုပဲ မန်ချက်စတာ ယူနိုက်တက်ကို တကယ် ဂရုစိုက်တဲ့ သူတွေက ဒါကို သိမှာပါ။
အသင်းအတွက် သူ တကယ်ရော စိတ်ဆန္ဒ ရှိရှိ ကစားရဲ့လားလို့ လူတွေက မေးခွန်းထုတ်ကြတယ်။ သူ့ရဲ့ body language ကိုလည်း ဝေဖန်မှုတွေ ရှိခဲ့တာပါ။
ဒီပွဲမှာ သူ ကစားတာ အိုကေပါတယ်။ ဒီနေ့ အရင်ကနဲ့ ကို မတူဘဲ သူက ထူးခြားနေတယ်။ ဟွိုင်လန်းနဲ့ ချိတ်ဆက် ကစားသွားတာလည်း ကောင်းတယ်။ ဂိုးတွေလည်း ဖန်တီးနိုင်ခဲ့တယ်။
ဒီလို ကောင်းကောင်း ကစားပြီးမှ ဖယ်ထုတ်ခံရတာ ဆိုတော့ သူ့ရဲ့ တုန့်ပြန်မှုက ဒီလို ဖြစ်လာတာ ကောင်းတာပေါ့။ ငါ့ကို ဘာလို့ လူစားလဲတာလဲ ဆိုတဲ့ ပုံစံ၊ ကျွန်တော်တော့ ဒါကို သိပ်ကြိုက်တယ်။ ” လို့ အားရစွာ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။