ရက်ကလစ်ဖ်ရဲ့ ယူနိုက်တက် ပြောင်းလဲရေး အစီအစဉ်ထဲမှာ ကာရင်တန်ကို ကျောခိုင်းဖို့ ပါဝင်ပြီး စတင် ပြင်ဆင်လာပါပြီ

ရှယ်ယာရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ်ရဲ့ ယူနိုက်တက်ကို အကြီးအကျယ်ပြောင်းလဲ စီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ကလပ်ဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းကို စွန့်ခွာရန် စီစဉ်နေပါတယ်။

ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ ဆာဂျမ်ရက်ကလစ်ဖ်ဟာ ကာရင်တန် လေ့ကျင့်ရေး ကွင်းမှာ ပြည့်ကျပ်နေတယ်လို့ ယူဆနေပြီး နေရာပိုမိုကျယ်တဲ့ နေရာသစ်တစ်ခုသို့ ပြောင်းလိုနေပါတယ်။

ဒေးလီးမေးလ် သတင်း အဆို အရ ယူနိုက်တက်ဟာ တောင်မန်ချက်စတာဧရိယာရှိ ဂေါက်ကလပ်တစ်ခုကို ဝယ်ယူရန် ဆွေးနွေးနေကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ လေ့ကျင့်ရေးကွင်းတည်ဆောက်ရန်အတွက် အနည်းဆုံး မြေဧက ၁၀၀ လိုအပ်နေတာ ဖြစ်ပြီး ကနပ်ဖ်ဖို့ဒ်ရှိ High Legh Golf Club ကို ဝယ်ယူရန် ဆွေးနွေးထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဟာ High Legh Golf Club ကို ဝယ်ယူရေးအတွက် သဘောတူညီမှု မရရှိသေးပါဘူး။ ယူနိုက်တက်ဟာ High Legh Golf Club မှာ ယူနိုက်တက်ကစားသမားအများစု နေထိုင်တဲ့ ချီရှိုင်းယားအနီးတွင် တည်ရှိပါတယ်။

High Legh Golf Club တွင် ၁၈ ကျင်း ချန်ပီယံရှစ်ကွင်း၊ ၉ ကျင်းကွင်း၊ ဂေါက်လေ့ကျင့်ရေးကွင်း၊ ဂေါက်စတိုး၊ ကလပ်ဘားနှင့် စားသောက်ဆိုင်တစ်ခုတို့လည်း ပါဝင်ပါတယ်။

ယင်း ဂေါက်ကလပ်ကို ၂၀၂၁ ခုနှစ်တုန်းက ဝါရင်တန်အခြေစိုက် American Golf က ဝယ်ယူခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတည်းက အရောင်းစာရင်း တင်ထားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ အသုံးပြုနေတဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြီးခဲ့တဲ့နှစ်များအတွင်းတွင် အဆင့်မြှင့်မှု ပြုလုပ်လာပေမဲ့လည်း မန်စီးတီး၊ စပါးစ်စတဲ့ ပရီးမီးယားလိဂ်အသင်းများရဲ့ လေ့ကျင့်ရေးကွင်း ကဲ့သို့ အဆင့်မြင့်ခြင်း မရှိပါဘူး။

ကာရင်တန်လေ့ကျင့်ရေးကွင်းရဲ့ အခြား ပြဿနာတစ်ခုမှာ ကားပါကင်ပြဿနာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် တုန်းက ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နှင့် အင်တာဗျူးတွင် ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ၂၀၀၉ ခုနှစ်တုန်းက သူထွက်ခွာသွားစဉ်တုန်းကနှင့် မည်သည့်အရာမျှ မကွာခြားကြောင်း ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။