နည်းပြကို ပြောချင်နေပေမယ့် ခုနေတော့ မပြောသေးဘူး ဆိုတဲ့ ဂိုးသမား အိုနာနာ ရဲ့ ဒေါကန်စကား
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရီ အိုနာနာက ယခုအပတ် အာဖရိကဖလား အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့်လည်း ကင်မရွန်းအတွက် ကစားပေးဖို့ကို အဓိကဦးစားပေးထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ကင်မရွန်းဟာ အင်္ဂါနေ့က အုပ်စု စီ အဖွင့်ပွဲစဉ်အဖြစ် ဂီနီယာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၁-၁ သရေကျခဲ့ပြီး အိုနာနာက လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ နောက်ကျခဲ့ပြီးနောက် ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။

အိုနာနာဟာ တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့စပါးနဲ့ အိုးထရက်ဖို့ဒ်မှာ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ပါဝင်ကစားပေးခဲ့ပြီးနောက် အဲဒီညနေမှာပဲ အိုင်ဗရီကို့စ်ကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အိုနာနာ စီးနင်းလာတဲ့ လေယာဉ်ဟာ ယာမူဆူခရိုမှာ မြူထူထပ်နေမှုကြောင့် အဘစ်ဂျန်မှာပဲ ဆင်းသက်ခဲ့ရပြီး ကင်မရွန်းရဲ့ အာဖရိကဖလားအဖွင့်ပွဲစဉ် ကစားမယ့်မြို့နဲ့ မိုင်ပေါင်း ၁၅၀ ကျော် ဝေးကွာတဲ့နေရာဖြစ်ပါတယ်။
အိုနာနာဟာ ပွဲချိန်မတိုင်မီ ကွင်းထဲကို ရောက်ရှိခဲ့ပေမယ့်လည်း ကင်မရွန်း လက်ရွေးစင်နည်းပြ ရီဂိုဘတ် ဆောင်းက ပွဲထွက်လူစာရင်းကို အတည်ပြုထားပြီးဖြစ်တာကြောင့် ပါဝင်ကစားခွင့် မရရှိခဲ့ပါဘူး။
အိုနာနာဟာ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်ပျက်ဒေါသထွက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဂိုးသမားဟာ ကင်မရွန်းလက်ရွေးစင်အသင်းနဲ့ စောစောပူးပေါင်းရမယ့်အစား တန်ဟက်ရဲ့အသင်းနဲ့ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့တဲ့အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
“ကျွန်တော့်မှာ ပြောစရာအများကြီးရှိပေမယ့် ကျွန်တော် ဒီမှာမပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပြိုင်ပွဲထဲမှာ ရှိနေလို့ပါ။ အရေးအကြီးဆုံးအရာက စည်းလုံးမှုပါ။ ကျွန်တော်တို့ ဒီကို အနိုင်ယူဖို့ လာတာပါ။ ပရိသတ်တွေကို ကောင်းတဲ့အချိန်ရော ဆိုးတဲ့အချိန်မှာပါ ကျွန်တော်တို့ကို အားပေးဖို့ တောင်းဆိုပါတယ်။
ကျွန်တော်က ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်လို့ ကျွန်တော် တာဝန်ယူပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော် ဒီမှာရှိနေတာပါ။ ကျွန်တော် လူတွေကို အသက်အငယ်ဆုံးကစားသမားတွေကို ပြစ်တင်မဝေဖန်စေချင်ဘူး။ လူတွေ ကျွန်တော့်ကို ဝေဖန်ပြစ်တင်ကြပါစေ။
ကျွန်တော်ကတော့ အသားကျနေပါပြီ။ ကျွန်တော့်နိုင်ငံအတွက် ကောင်းတဲ့အရာတွေကို လုပ်သွားမှာပါ။အဲဒါက ကျွန်တော့် အဖေနဲ့ အမေတို့ထဲက ဘယ်သူ့ကို ရွေးချယ်မလဲဆိုသလိုမျိုးပါ။ ဒါပေမယ့် ကျွန်တော့် နိုင်ငံက ပထမဆုံးဖြစ်ပြီးအဲဒါကြောင့်ပဲ ဒီမှာ ရှိနေတာပါ။
ကျွန်တော်တို့ အတူတူရှိနေပါတယ်။ ကျွန်တော့် နိုင်ငံ၊ ကျွန်တော့်ရဲ့ အာဖရိကတိုက်ကို ကိုယ်စားပြုဖို့ ကျွန်တော် ဒီမှာရှိနေတာ။ ကျွန်တော့်နိုင်ငံနဲ့အတူ ဒီမှာရှိနေရတာ ကျွန်တော့်အတွက် ကြီးမားတဲ့ဂုဏ်ယူစရာပါ။
လွန်ခဲ့တဲ့ နှစ် ၄၀ လောက်တုန်းက ကျွန်တော်တို့ရှေ့ကလူတွေ ဒီမှာ ထူးခြားဆန်းကြယ်တဲ့အရာကို လုပ်ခဲ့တယ်။ ဒီလှပတဲ့နိုင်ငံကို ကိုယ်စားပြုပြီး လာကစားရတာက အရေးအကြီးဆုံးအရာပါ။
ကျွန်တော့်ပွဲကစားချိန်နဲ့ပတ်သက်ပြီးတော့ နည်းပြကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဒီကို ဘယ်သူ ကစားရတယ်ဆိုတာထက် အနိုင်ရဖို့ လာခဲ့တာပါ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ဂိုးသမားတွေရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။