မန်ယူ ကစားပုံ ဆိုးနေတာ တန်ဟက်ကြောင့် မဟုတ်ဘဲ တခြားသူကြောင့် လို့ သုံးသပ် လက်ညှိုးထိုးသွားတဲ့ ကာရေဂါ
လီဗာပူး လူဟောင်းကြီး ဂျေမီကာရေဂါက ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ ကစားပုံဆိုးဝါးပြီး ရုန်းကန်နေရခြင်းမှာ နည်းပြ တန်ဟက်ကြောင့် မဟုတ်ဘဲ လက်ထောက်နည်းပြ စတိဗ်မက္ကလာရင်က အဲရစ်တန်ဟက်အပေါ် လွှမ်းမိုးမှုတွေ ရှိနေတာကြောင့်ဖြစ်နိုင်တယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီရာသီမှာ ၉ ပွဲအထိ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားရဲ့အဆင့် ၇ နေရာမှာ ရပ်တည်နေကာ ရလဒ်ပိုင်းဆိုးဝါးနေရုံသာမက အသင်းရဲ့ကစားပုံကလည်း စိတ်ပျက်စရာ ဖြစ်နေတာပါ။

ကာရေဂါက ယူနိုက်တက်အနေနဲ့ အခုလိုပုံစံကောင်းရဖို့ ရုန်းကနေရခြင်းမှာ အသင်းရဲ့လက်ထောက်နည်းပြ မက္ကလာရင်ရဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အကြံဉာဏ်တွေနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က နည်းလမ်းတွေ တန်ဟက်အပေါ် လွှမ်းမိုးနေမှုကြောင့်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ကာရေဂါက “စတိဗ်မက္ကလာရင်ရဲ့လွှမ်းမိုးမှုကြောင့် ယူနိုက်တက်ကအခုလို ရုန်းကန်နေရတာလို့ ထင်ပါတယ်။ သူတို့က အပတ်တိုင်းဒီကစားပုံအတိုင်းပဲကစားနေပြီး ထူးထူးခြားခြားတိုးတက်လာတာမျိုးလည်း မမြင်ရပါဘူး”
“ကျွန်တော်တို့ဟာ အပတ်တိုင်းမတူညီတဲ့အရာတွေကို လုပ်နေရမှာပါ။ ဥရောပမှာတုန်းက တန်ပြန် တိုက်စစ် ကစားတယ်ဆိုပေမယ့် အိမ်ကွင်းမှာ အသင်းသေးသေးလေးနဲ့ ကစားချိန်မှာတော့ ဘောလုံးပိုင်ဆိုင်မှု ပိုရရမယ်ဆိုတာ သိသင့်ပါတယ်။ ယူနိုက်တက်က လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက ကစားဟန် အတိုင်း ဖြစ်နေပါတယ်”
“တန်ဟက်လက်ထက် ပထမဆုံး ၂ ပွဲမှာယူနိုက်တက်က ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ကစားခဲ့ပြီး ဒေးဗစ် ဒီဂီယာက ရုန်းကန်ခဲ့ရသလို အဲရစ်ဆင်ကလည်း ပုံစံကောင်းမှာရှိမနေခဲ့ပါဘူး။ ဒါကြောင့် သူ ဒီဂျောင်ကို လိုချင်ခဲ့တာဖြစ်ပါလိမ့်မယ်”
“ဒါပေမယ့်ပြီးခဲ့တဲ့ရာသီက တန်ဟက်က ယူနိုက်တက်အတွက် ကောင်းတာတွေအများကြီး လုပ်နိုင်ခဲ့ပါတယ်။ သူတို့ ဖလားတစ်လုံးရတယ်။ ဗိုလ်လုပွဲတစ်ခုရောက်တယ်။ ပြီးတော့ ဥရောပမှာလည်း ကွာတားဖိုင်နယ်အထိ တက်နိုင်ခဲ့တယ်”
“ဒါပေမယ့် ကျွန်တော်သတိမထားမိတာက အဲဒီတုန်းက ယူနိုက်တက်ရဲ့ပုံစံက မက်ကလာရင်ရဲ့ လက်အောက်မှာ ရောက်နေပြီး ဖာဂူဆန် ခေတ်တုန်းကလို ပုံစံဖြစ်နေတာပါ။
ယူနိုက်တက်ရဲ့တန်ပြန်တိုက်စစ်က လျင်မြန်ပြီးတော့ တောင်ပံကစားသမားတွေကလည်း ကျွမ်းကျင်မှု ရှိပါတယ်။ ပြီးတော့ မနှစ်ကလည်း ဒီလိုမျိုးအလုပ်ဖြစ်ခဲ့တာဆိုတော့ ဒီနှစ်မှာလည်း ဘာလို့ ဆက် မသုံးရမှာလဲလို့ တွေးနေပုံရပါတယ်။ ကစားသမားသစ်တွေဝယ်ပြီးရင်လည်း သူတို့ဒီအပုံစံအတိုင်းပဲ ဆက်သွားနေဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။