သရဲနီ ပရိသတ်တွေ နည်းနည်းပဲ မြင်ထားတဲ့ သူ့အသင်းဖော် ရဲ့ အစွမ်းအစ ကို မက်ဂွဲရား ထုတ်ဖော် ချီးကျူး

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွဲရား က သူ့ရဲ့အသင်းဖော် တောင်ပံကစားသမား အလီဂျန်ဒရို ဂါနာချိုဟာ ထူးခြားတဲ့အရည်အချင်းတွေရှိနေကြောင်းနဲ့ ဒီထက် ပိုကောင်းတဲ့ခြေစွမ်းတွေကို ပြသနိုင်ဦးမှာ ဖြစ်တယ်လို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင်ကစားသမားက ပရိသတ်တွေဟာ ဂါနာချိုရဲ့ အရည်အချင်းကို အနည်းငယ်သာ မြင်ဖူးထားကြတယ်လို့ အခိုင်အမာ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့တရားဝင်ဝက်ဘ်ဆိုက်ဒ်သို့ မက်ဂွဲရားက “သူကအခုမှ ငယ်ငယ်လေးပဲရှိပါသေးတယ်။ အများကြီး သင်ယူစရာတွေရှိပါသေးတယ်။ ဒါပေမယ့် သူက ပါရမီတွေအများကြီးရှိပြီး ထူးချွန်တဲ့ ဘောလုံးသမားပါ။ သူ့အလုပ်ကိုသူ တစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် သူဟာ ဒီအသင်းမှာ တောက်ပတဲ့အနာဂတ်တွေရှိနေပါတယ်”

“ဒီရာသီမှာ ပရိသတ်တွေမြင်ထားတာက သူ့အရည်အချင်းတွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူ့အနေနဲ့ အနာဂတ်မှာ အသင်းကို ဆက်ပြီးကူညီနိုင်မယ်လို့ယုံကြည်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မက်ဂွဲရားက “အသင်းရဲ့အကယ်ဒမီက အလုပ်တွေအကောင်းဆုံးလုပ်နေပါတယ်။ ကစားသမားတွေ ခေါ်၊ နည်းပြတွေကို လေ့ကျင့်ရေးအစီအစဉ်မှာ သက်သေပြခိုင်းပြီး အခွင့်အရေးတွေ ပေးပါတယ်။

မန်နေဂျာကလည်း ဒီလိုအခွင့်အရေးတွေပေးဖို့ အဆင်သင့်ရှိနေပြီး ကစားသမားတွေကလည်း အထင်ကြီးလောက်စရာအရည်အချင်းကိုပြသနိုင်မယ်ဆိုရင် ပိုကောင်းတဲ့အဆင့်အတန်းမှာကစားရမှာပါ။ မန်နေဂျာကလည်း ဒီလိုအခွင့်အရေးကိုပေးဖို့ လက်တွန့်မနေပါဘူး” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။