ဆန်ချိုနဲ့ အန်တိုနီ နှစ်ယောက်ပေါင်း သန်း ၁ဝဝ ပဲ လို့ ဆော်ဒီကလပ်တွေထံ မန်ယူ ဈေးဗန်းခင်းနေပါပြီ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခေါ်ခဲ့ပြီးမှ အလုပ်မဖြစ်ကြတဲ့ တောင်ပံ တိုက်စစ်သမား ဂျေဒန် ဆန်ချို နဲ့ အန်တိုနီတို့အား တစ်ဦး ပေါင် သန်း(၅၀)၊ နှစ်ဦး ပေါင် သန်း ၁ဝဝ နဲ့ ရောင်းချသွားဖို့အတွက် ဆော်ဒီကလပ်အသင်းများထံ ကမ်းလှမ်းမှု လုပ်ဆောင်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တောင်ပံ တိုက်စစ်တွေမှာ ထိပ်တန်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ဒီကစားသမားတွေက နာမည်သာရှိပြီး ခြေစွမ်းနဲ့ စွမ်းဆောင်ပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေသလို အသင်းအတွက် ဘာမှ မယ်မယ်ရရ အားထားရတဲ့ အနေအထားတွေမှာ ရှိမနေပဲ ဖြစ်နေရပါတယ်။

ဒါကြောင့်လည်း ဆန်ချိုကို သူ့အသင်းဟောင်း ဒေါ့မွန်ဆီ ရာသီကုန်အထိ ပြန်လည် အငှားချပေးခဲ့သလို အန်တိုနီကိုလည်း အေဂျက်စ်မှာတုန်းကလို ခြေစွမ်းမျိုး ပြသနိုင်ဖို့ လိုအပ်တယ်လို့ပါ နည်းပြ အဲရစ် တန်ဟက်ဂ်က သတိပေးခဲ့ပါသေးတယ်။

အခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ယူနိုက်တက်က အသင်းမှာ အားမထားရတော့တဲ့ ဆန်ချို နဲ့ အန်တိုနီတို့ နှစ်ဦးလုံးကို အသင်းကနေ ရောင်းထုတ်ဖို့ စဉ်းစားလာခဲ့ပြီး အဲ့ဒီအတွက်လည်း ဆော်ဒီကလပ်တွေထံ ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ ဖော်ပြလာပါတယ်။

ယူနိုက်တက်က ဆန်ချို နဲ့ အန်တိုနီကို လာမယ့် နွေဈေးကွက်မှာ တစ်ဦးကို ပေါင် သန်း(၅၀)စီနဲ့ ရောင်းချဖို့အတွက် ဆော်ဒီကလပ်အသင်းတွေဆီ ဆက်သွယ် ကမ်းလှမ်းမှု လုပ်ဆောင်ထားတယ်လို့ သတင်းထွက်နေပါတယ်။

ယူနိုက်တက်က လက်ရှိမှာ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ (၂၅)% ရှယ်ယာ ဝယ်ယူထားမှုနောက်ပိုင်း ဆာဂျင်ရဲ့ INEOS ကနေ အသင်းကို ကိုင်တွယ် ဆောင်ရွှက်မှုတွေ လုပ်ဆောင်လျက် ရှိနေပြီး အသင်းအတွက် အားထားမရနိုင်တဲ့ ကစားသမားတွေကိုပါ ရှင်းထုတ်ဖွယ်ပါ ရှိနိုင်ပါတယ်။