စတည်းက မဟန်တဲ့ တိုက်စစ်မှာ ဟွိုင်လန်း တစ်ယောက်တည်းသာ ရုန်းဖို့ အကြောင်းဖန်လာပါပြီ
ယူနိုက်တက် တိုက်စစ်မှုး မာရှယ် ဟာ ပေါင်ခြံဒဏ်ရာခွဲစိတ်ပြီးနောက် ၁၀ ပတ်လောက်အထိ နားရတော့မယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ ဒီဇင်ဘာ ၉ ရက်နေ့တုန်းက ဘုန်းမောက်ကို ၃ ဂိုးပြတ် အရေးနိမ့်ပြီးကတည်းက ကစားခွင့်မရတော့တာ ဖြစ်ပါတယ်။
အခုချိန်မှာတော့ ခွဲစိတ်မှုခံယူခဲ့ရပြီး ကာလရှည်နားရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ မိုနာကိုကနေ ယူနိုက်တက်ထံ ပြောင်းလာပြီးကတည်းက မာရှယ်ဟာ ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးနေခဲ့ရတာဖြစ်ပါတယ်။

“မာရှယ်ရဲ့ပေါင်ခြံဒဏ်ရာကို ခွဲစိတ်မှုလုပ်ခဲ့သလို အောင်မြင်ခဲ့ပါပြီ။ သူပြန်လာနိုင်ဖို့ ၁၀ ပတ်လောက်အထိ နားရတော့မှာပါ။ မကြာခင်မှာ အလျင်အမြန်ပြန်လာနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်”လို့ ယူနိုက်တက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မာရှယ်ဟာ ဒီရာသီပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားကာ ၂ ဂိုးသာ သွင်းယူနိုင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်သားဟာ စက်တင်ဘာလတုန်းက ဘရိုက်တန်နဲ့ ပွဲမှာ ဟွိုက်လန်းနဲ့ လူစားလဲချိန် ပရိသတ်တွေရဲ့သရော်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
စာချုပ်ထဲမှာ ၁ နှစ်သက်တမ်း တိုးခွင့်ပါဝင်နေပေမယ့် မာရှယ်ဟာ နွေရာသီမှာ အသင်းပြောင်းရဖို့ များနေပါတယ်။ ခွဲစိတ်လိုက်တာကြောင့် ဒီလထဲမှာတော့ အသင်းပြောင်းနိုင်ဖွယ် မရှိတော့ပါဘူး။
ယူနိုက်တက်အတွက် မာရှယ်တစ်ယောက် မိနစ် ၉၀ ပြည့်ပါဝင်ခွင့်မရတာက ၃ နှစ်နီးပါးရှိနေပြီဖြစ်ကာ နောက်ဆုံးအကြိမ် မိနစ် ၉၀ ပြည့်အဖြစ် ၂၀၂၁ တုန်းက ရှက်ဖီးလ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။
၉ ရာသီအတွင်း မာရှယ်ဟာ ယူနိုက်တက်အတွက် ၉၀ ဂိုးသွင်း ၊ ၅၃ ဂိုး ဖန်တီးထားနိုင်ခဲ့ကာ အသင်းရဲ့ သက်တော်ရှည်ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။ မာရှယ်ဟာ ၁၀ ပတ်ကြာ နားခဲ့ပြီးနောက် ဧပြီလ ၆ ရက်နေ့ လီဗာပူးနဲ့အိမ်ကွင်းပွဲမှာမှ ပြန်လာနိုင်မှာဖြစ်ပါတယ်။
မာရှယ် မရှိချိန်မှာ ယူနိုက်တက်အနေနဲ့ ဟွိုက်လန်းတစ်ဦးတည်းကိုသာ အားထားရဖွယ်ရှိနေပါတယ်။