မန်ယူ အသင်းရဲ့ အမာခံ ပရိသတ် ဖြစ်နေတဲ့ အက်ဖ်အေပွဲ ပြိုင်ဘက် နယူးပို့တ်ကောင်တီ နည်းပြ ဂရေဟမ် ကော့ချ်လန်း
နယူးပို့တ်ကောင်တီ အသင်းရဲ့ နည်းပြဖြစ်သူ ဂရေဟမ် ကော့ချ်လန်းက အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ ငယ်စဉ်ကတည်းကနေ အားပေးလာခဲ့တဲ့ အသင်းဖြစ်ကြောင်း ဝန်ခံ ပြောဆိုလိုက်ပါတယ်။
လိဂ်တူးကလပ် နယူးပို့တ်အသင်းဟာ အက်ဖ်အေဖလားပြိုင်ပွဲမှာ ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဒီပွဲအတွက် ယူနိုက်တက် အမာခံ ပရိသတ်ဖြစ်သူ နယူးပို့တ်နည်းပြ ကော့ချ်လန်းက အလွန် စိတ်လှုပ်ရှားနေရပါတယ်။

“ကျွန်တော် ယူနိုက်တက်အသင်းကို သူတို့ ဘာအောင်မြင်မှု မရရှိခင်ကတည်းက အားပေးလာခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကတော့ လီဗာပူးလ်အသင်းက ကြီးစိုးနေတဲ့အချိန်ဖြစ်လို့ ယူနိုက်တက် ပရိသတ်တစ်ဦး ဖြစ်ခဲ့ရတာက မလွယ်ပါဘူး။ အခုလည်း သူတို့က ၁၉၈၀တုန်းကလို အခြေအနေမျိုးတွေနဲ့ ကြုံတွေ့နေရပေမယ့် သူတို့ ဒီအခြေအနေကို ကျော်ဖြတ်သွားနိုင်မှာပါ။
မနှစ်တုန်းက သူတို့ဖလားကိုင်မြှောက်တဲ့အချိန် ဝင်ဘာလေကွင်းမှာ ကျွန်တော်က ကျွန်တော့်ကလေးတွေနဲ့အတူ သွားရောက် အားပေးခဲ့ပါသေးတယ်။ သူတို့ အက်ဖ်အေဖလားကို နောက်ဆုံးအကြိမ် ရယူခဲ့တုန်းကလည်း ကျွန်တော် ကွင်းထဲထိ သွားကြည့်ဖြစ်ပါသေးတယ်။
နောက်ပြီး နူးကမ့်မှာ ဘိုင်ယန်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား ရခဲ့တာကတော့ ကျွန်တော့်အတွက် အမှတ်ရစရာ ညတစ်ညပါပဲ။
အခု ဒီအသင်းနဲ့ အက်ဖ်အေဖလားမှာ လာရောက် ဆုံတွေ့ရတာက တကယ့်ကို မယုံနိုင်စရာပါပဲ။ ဘောလုံးမှာကလည်း ဘာမဆို ဖြစ်သွားနိုင်တာကို မေ့ထားလို့ မရပါဘူး။
အံ့အားသင့်စရာ ရလဒ်မျိုးတွေနဲ့ အသင်းကြီးတွေကို အသင်းငယ်လေးတွေက ဖြုတ်ချခဲ့တာတွေ ကျွန်တော် အများကြီး မြင်တွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း ခင်ဗျားအနေနဲ့ ဘာကိုမှ တပ်အပ်ပြောနိုင်ဦးမှာ မဟုတ်ပါဘူး။” ကော့ချ်လန်းက ပြောဆိုသွားခဲ့ပါတယ်။