ထရိန်နင် ပျက်ခဲ့တဲ့ မားကပ် ရက်ရှ်ဖို့ဒ်နဲ့ ပတ်သတ်ပြီး မန်ယူအသင်းဘက်က တရားဝင် ကြေညာချက် ထုတ်ပြီ

မန်ချက်စတာယူနိုက်တက်ဟာ ကလပ်တက်ပြီး လေ့ကျင့်ရေး ပျက်ကွက်ခဲ့တဲ့ တိုက်စစ်သမား မားကက် ရက်ရှ်ဖို့ဒ်နဲ့ နည်းပြ အဲရစ်တန်ဟက်တို့ရဲ့ ဆွေးနွေးမှုအပြီးမှာ ကစားသမားနဲ့ ပတ်သက်ပြီး ကြေညာချက် တစ်ခုကို တရားဝင်ပဲ ထုတ်ပြန်လာခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ တနင်္ဂနွေနေ့က နယူးပို့ကောင်တီကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်ပြီးနောက် သူ့ရဲ့ပျက်ကွက်မှုနဲ့ ပတ်သက်ပြီး တန်ဟက်နဲ့ ဆွေးနွေးခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဖျားနာမှုကြောင့် ယူနိုက်တက်ရဲ့လေ့ကျင့်ရေး အစီအစဉ်တွေကို ပျက်ကွက်ခဲ့တယ်လို့ သတင်းပို့ခဲ့သော်လည်း နိုက်ကလပ်မှာ ပျော်ပါးနေတဲ့ပုံတွေကို မြင်တွေ့ခဲ့ရတာကြောင့် အငြင်းပွားစရာကိစ္စရပ်တွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက်ဘက်က ကြေညာချက်တစ်ရပ်ကို ထုန်ပြန်လာခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်အသင်းက “မားကက်ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူပြီးဖြစ်ပါတယ်။ ဒီပြဿနာကို အသင်းအတွင်း စည်းကမ်းပိုင်း ဆိုင်ရာ ပြဿနာတစ်ခုအနေနဲ့ ဆောင်ရွက်ထားပြီး အခုချိန်မှာတော့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်” လို့ထုတ်ပြန်ခဲ့ပါတယ်။

အသင်းနည်းပြတန်ဟက်ဟာ အသင်းမှာ စည်းကမ်းဖောက်ဖျက်တဲ့ကစားသမားတွေကို လူစာရင်းကနေ ထုတ်ပယ်လေ့ရှိတဲ့ ရာဇဝင်ရှိခဲ့ဖူးပြီး မကြာသေးမီကလည်း ကြယ့်ပွင့်ကစားသမား ဂျေဒန်ဆန်ချိုနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါသေးတယ်။

ဆန်ချိုက တန်ဟက်ဟာ သူ့ကိုခုတုံးလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးနောက် တောင်းပန်ရန်ငြင်းဆန်ခဲ့ပြီး ယခုအခါမှာတော့ အသင်းဟောင်း ဒေါ့မွန်သို့ အငှားစာချုပ်နဲ့ သွားရောက်ကစားနေပြီ ဖြစ်ပါတယ်။

သို့သော်လည်း ရက်ရှ်ဖို့ဒ်ကတော့ အခုချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ပြီး လာမယ့် ဝုဗ်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အဆင်သင့် ရှိနေပါတယ်။ အင်္ဂလန်က အတွင်းသတင်းတွေ အရတော့ ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ကြေး ပေါင် ၆ သိန်းခွဲ ပေးဆောင်ရမယ် လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်မှာ နော်တင်ဟမ်ကိုဖော်ရက်စ်ကို ရှုံးနိမ့်ပြီး တော့တင်ဟမ်ကိုရှုံးနိမ့်ထားတာကြောင့် ယခုကြာသပတေးနေ့မှာကစားမယ့် ဝုဗ်နဲ့ ပွဲစဉ်မှာတော့ အနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။