မန်ယူရဲ့ အသင်းတွင်း အဆင်မပြေမှုတွေကို လူသိရှင်ကြား ထုတ်ပြောတဲ့ ဖာနန်ဒက်စ် ပြစ်တင်ဝေဖန် ခံနေရပါတယ်
မန်ယူ အသင်းခေါင်းဆောင် ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နယူးပို့တ်နဲ့ အက်ဖ်အေ ဖလား နိုင်ပွဲအပြီးမှာ အသင်းဖော်တွေကို လူသိရှင်ကြား ဝေဖန်ခဲ့တာက မှားတယ်လို့ ခရစ် ဆပ်တန်က ပြစ်တင် ထောက်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ တတိယတန်းအသင်းဖြစ်တဲ့ နယူးပို့တ်ကောင်တီကို ၄-၂ နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်၊ မိန်းနိုး၊ အန်တိုနီ၊ ဟွိုင်လန်းတို့က ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ၂-၀ နဲ့ ဦးဆောင်ထားပြီးခါမှာ နယူးပို့တ်ကို ဂိုးတွေ ပြန်ပေးခဲ့ရပြီး ပွဲအပြီးမှာ နည်းပြ တန်ဟက်က အသင်းကစားပုံနဲ့ပတ်သက်ပြီး စိတ်ပျက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က အသင်းဖော်တွေကို ပွဲကို စောစောဖြတ်နိုင်အောင် ကူညီပေးဖို့ထက် လောဘတကြီးနဲ့ ကိုယ်တိုင်ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။
ဖာနန်ဒက်စ်ရဲ့ မှတ်ချက်ဟာ ၁၉ မိနစ်မှာ ၃-၀ နဲ့ ဦးဆောင်ခွင့် ရရှိဖို့ အခွင့်အရေးရချိန်မှာ ၎င်းနဲ့ ဟွိုင်လန်းတို့ ဂိုးဧရိယာထဲမှာ ရှိနေတာကို အလွယ်တကူပေးလို့ရပါလျက်နဲ့ ကိုယ်တိုင်ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့တဲ့ ဂါနာချိုကို ဆိုလိုခဲ့တာဖြစ်ပါတယ်။
အများစုကလည်း ပေါ်တူဂီကြယ်ပွင့်ရဲ့ မှတ်ချက်ကို သဘောတူခဲ့ပေမယ့်လည်း ဆပ်တန်ကတော့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ဖာနန်ဒက်စ် ဟာ အသင်းဖော်တွေကို လူသိရှင်ကြား ပြစ်တင် ပြောဆိုတဲ့ပုံစံကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။
“ဒါက တော်တော်လေးကို ထူးခြားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်က အားလုံးက သူတို့ ဘာသာပဲ ဂိုးသွင်းဖို့ လုပ်နေတယ်လို့ လူသိရှင်ကြား ထွက်ပြောတာပါ။ ဒါက သူ အဝတ်လဲခန်းထဲမှာ တိုးတိုးကြိတ်ကြိတ် ပြောသင့်တဲ့ စကားပါ။ သူက အားလုံးကို အရာအားလုံးက အဆင်မပြေဖြစ်နေတယ်ဆိုတာကို သိစေခဲ့တာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။