လူမပေးရင် ကွင်းထဲလည်း မရှောင် အော်ပစ်မယ်လို့ အသင်းဖော်တွေကို ကြိုပြောထားပြီ ဖြစ်တဲ့ ဟွိုင်လန်းရဲ့ ပြတ်သားမှု

ပြီးခဲ့တဲ့ ဝုဗ်နဲ့အဝေးကွင်းပွဲမှာ မန်ယူအသင်းအတွက် သူရဲကောင်းဖြစ်သွားခဲ့တာက ၁၈ နှစ်သားလေး မိုင်နူးဆိုပေမယ့် အဲဒီပွဲရဲ့ man of the match ဆုကို ရသွားခဲ့သူက တိုက်စစ်မှုး ဟွိုင်လန်း ဖြစ်ပါတယ်။

ဒိန်းမတ်သား တိုက်စစ်မှုး ဟာ ပရီးမီးယားလိဂ်မှာ ဂိုးမိုးခေါင်ခဲ့ဖူးလို့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသေးတာပါ။ ဒါ့အပြင် အသက် ၂၀ အရွယ် ကစားသမားဟာ အသင်းဖော်တွေဆီကနေ လုံလောက်တဲ့ ဖန်တီးပေးပို့မှုလည်း မရခဲ့ပါဘူး။

ဒါပေမဲ့ ဝုဗ်နဲ့ပွဲမှာတော့ ဟွိုင်လန်းဟာ မန်ယူအတွက် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်သွင်းတဲ့အဖွင့်ဂိုးမှာ သူ assist ရခဲ့သလို မန်ယူအတွက် ဒုတိယဂိုးကိုလည်း သူကိုယ်တိုင်ပဲ သွင်းပေးနိုင်ခဲ့တာပါ။

ပွဲပြီးအင်တာဗျူးမှာလည်း ဟွိုင်လန်းက တောင်ပံကစားသမားတွေဆီက ပံ့ပိုးမှုသိပ်မရတာနဲ့ ပတ်သက်လို့ အခုလိုပြောခဲ့ပါတယ်။

”တကယ်လို့ လူပေးရမယ့်နေရာမှာ ကျွန်တော်ရှိမနေဘူးဆို ကျွန်တော့်ကို သူတို့ ကြိုက်သလို အော်နိုင်တယ်လို့ အသင်းဖော်တွေကို အမြဲပြောထားပါတယ်။

တကယ်လို့ အဲဒီလိုမဟုတ်ဘဲ ပြောင်းပြန်အနေနဲ့ ကျွန်တော် နေရာယူထားချိန်မှာ ဘောလုံးပို့တာလုပ်မပေးဘူးဆိုရင်တော့ အဲ့ဒီသူ့ကို ကျွန်တော် အော်ဟစ်မယ်လို့ ပြောထားပါတယ်”လို့ ဟွိုင်လန်းက ဆိုခဲ့တာပါ။

ဟွိုင်လန်းဟာ နယူးပို့တ်နဲ့အက်ဖ်အေဖလားပွဲတုန်းကလည်း သူ့ကို လူမပေးရကောင်းလားဆိုပြီး ဂါနာချိုကို အော်ဟစ်ခဲ့ပါသေးတယ်။

ဟွိုင်လန်းဟာ ဝုဗ်နဲ့ပွဲမှာ ၁ ဂိုးသွ်ငး၊ ၁ ဂိုးဖန်တီးအပြင် အရေးပါတဲ့ပေးပို့မှု ၂ ကြိမ်လည်း လုပ်နိုင်ခဲ့တာပါ။