နွေမှာ ဘရူနို ဖာနန်ဒက်စ် မငြင်းနိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ရအောင် ခေါ်တော့မယ့် ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်
ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်က လာမယ့် နွေဈေးကွက်မှာ နောက်ထပ်တကြိမ် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အယ် ဟီလယ်က ဆော်ဒီလိဂ်ရဲ့ အကောင်းဆုံးအသင်း ၃သင်း စာရင်းထဲမှာ ပါဝင်နေတဲ့ အသင်း ဖြစ်သလို ဒီရာသီမှာ အမှတ်ပေးရှုံးပွဲ တပွဲမှ မရှိသေးပဲ ၁၉ပွဲ ကစားထားရာမှာ ၁၇ပွဲ အထိ အနိုင်ရခဲ့ပြီး ၂ပွဲသာ သရေကျထားကာ ရမှတ် ၅၃မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။

အယ် ဟီလယ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မော်ရိုကိုကြယ်ပွင့် ဘိုနို၊ ဘရာဇီးလ်ကြယ်ပွင့်တွေ ဖြစ်တဲ့ နေမာ၊ လိုဒီနဲ့ မိုင်ကွန်၊ ဆားဘီးယားကြယ်ပွင့်တွေ ဖြစ်တဲ့ ဆာဗစ်နဲ့ မီထရိုဗစ်၊ ပေါ်တူဂီကြယ်ပွင့် ရူဘင် နီဗက်စ်၊ ဆီနီဂေါကြယ်ပွင့် ကူလီဘလီ စတဲ့ ထိပ်တန်း ကစားသမား ၈ဦး အထိ သူတို့အသင်းဆီ ခေါ်ယူနိုင်ခဲ့ပါတယ်။
အယ် ဟီလယ်ရဲ့ တာဝန်ရှိသူတွေက ထိပ်တန်းကစားသမား ၈ဦး အထိ ခေါ်ယူပြီးချိန်မှာတောင် သူတို့အသင်းရဲ့ ကစားသမား အင်အားကို သဘောမကျသေးတာကြောင့် ဘရူနို ဖာနန်ဒက်စ် အပါအဝင် နောက်ထပ် ကြယ်ပွင့် ကစားသမား အများအပြားကို ထပ်ခေါ်ဖို့ အစီအစဉ် ဆွဲနေပါတယ်။
အယ် ဟီလယ်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ဘရူနိုရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပေမယ့် ဘရူနိုက အယ် ဟီလယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။
ဒါပေမယ့် အယ် ဟီလယ်က ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ လက်မလျော့သေးတာကြောင့် လာမယ့် နွေဈေးကွက်မှာ မက်လောက်စရာ ကမ်းလှမ်းမှုမျိုးနဲ့ ဘရူနို ဖာနန်ဒက်စ် မငြင်းနိုင်အောင် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။